UNFC ညီလာခံ ဒုတိယနေ့တွင် အဖွဲ့၏ ဖွဲ့စည်းပုံကို ပြန်လည်ဖြည့်စွက်ရေးဆွဲရန် သဘောတူ

UNFC ညီလာခံ ဒုတိယနေ့တွင် အဖွဲ့၏ ဖွဲ့စည်းပုံကို ပြန်လည်ဖြည့်စွက်ရေးဆွဲရန် သဘောတူ
by -
မဇ္စျိမ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ ညီလာခံ ဒုတိယမြောက်နေ့တွင် အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ဖြည့်စွက် ရေးစွဲရန် ဆွေးနွေးခဲ့ကြသည်ဟု UNFC ခေါင်းဆောင်များက မဇ္စျိမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁ ) ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အခန်း (၂)တွင် အခြေခံမူများကို ဆွေးနွေးခဲ့ပြီး ညီလာခံ တတိယနေ့ သြဂုတ် ၂၆ရက်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။ UNFC ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အခန်း ၉ ခန်း ရှိသည်ဟု UNFC ၏ တွဲဘက်အတွင်းရေးမှူး (၂)လည်းဖြစ်၊ ညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူး ခွန်ဥက္ကာက ပြောသည်။

26aug2

“ဒီနေ့က မနေ့ကအဆက်လုပ်တယ်။ အစီရင်ခံစာတင်ပြတယ်။ သဝဏ်လွှာတွေဖတ်တယ်။ ဒီနေ့တော့  UNFC က ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးကြတယ်။ ပြင်ဆင်ဖြည့်စွက် အစားထိုးတယ်။ နိဒါန်းကနေ သွားလိုက်တာ အခန်း ၂ အထိ ပြီးပြီ”ဟု သူက မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၂၅ ရက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ သုံးနှစ်ကျော်ကြာ ကာလအတွင်း လုပ်ဆောင်ခဲ့ သော လုပ်ငန်းအစီရင်ခံစာများ၊ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေး သုံးသပ်ခဲ့သည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသားအားလုံး တညီညွတ်တည်း တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ဘယ်လို စုပေါင်း လုပ်ကြမလဲဆိုတာ တိုင်ပင်ကြတာ အင်မတန် ညီညွတ်တဲ့ အခင်းအကျင်းကို တွေ့ရပါတယ်၊ အခုချိန်ထိတော့ အလားအလာကောင်းတယ်။ အားရကျေနပ်တယ်”ဟု ခွန်ဥက္ကာ က ပြောသည်။

သြဂုတ်လ ၂၈ ရက်၌ လာမည့် သုံးနှစ်အတွက် ဆက်လက် တာဝန်ထမ်းဆောင်မည့် UNFC ခေါင်းဆောင်သစ်ကို ရွေးချယ် သွားမည် ဖြစ်သည်။ လက်ရှိ UNFC ၏ ဥက္ကဋ္ဌမှာ KIAမှ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး ဒု- ဥက္ကဋ္ဌ သည် KNPPမှ အေဘယ်လ်တွီဒ် ဖြစ်သည်။

ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ (ALP)၊ ရခိုင်တပ်မတော် (AA)နှင့် ငြိမ်းချမ်းရေး ကောင်စီ PC တို့မှ ကိုယ်စာလှယ်များ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်နေသည်ဟု သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ညီလာခံမှ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲနိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။

ညီလာခံကို လာမည့် သြဂုတ်လ ၂၅ရက်မှ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပပြီးနောက်ရက်တွင် ပြည်တွင်းမှ နိုင်ငံရေး ပါတီများနှင့် ဒီမိုကရေစီ အင်အားစုများနှင့်အတူ ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တိုင်းရင်းသားအဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။