ကြားဖြတ်ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခြင်းမပြုပါက ပါတီ ၂၄ ခု စာရင်းမှ ပျက်ပြယ်ရန်ရှိ

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခြင်းမပြုပါက ပါတီ ၂၄ ခု စာရင်းမှ ပျက်ပြယ်ရန်ရှိ
by -
မဇ္စျိမ

တရားဝင်မှတ်ပုံတင်ထားသော ပါတီများအနက် ပါတီ၂၄ ခုသည် လာမည့် ၂၀၁၄ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခြင်းမပြုပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရစာရင်းမှ ပယ်ဖျက်ရန်ရှိနေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က သြဂုတ်၂၅ ရက်တွင် မဇ္ဈိမကို သတိပေးပြောဆိုသည်။

“နိုင်ငံရေးပါတီတွေက သူတို့ဝင်ကတည်းက ဘယ်လိုအကြောင်းဆိုရင် ပါတီက ပယ်ဖျက်နိုင်တယ်ဆိုတာကိုတော့ သေချာသိထားမယ်လို့ ထင်ပါတယ်။ ကြားဖြတ်မှာ ၀င်ရမယ့်ပါတီတွေက မဝင်ဘူးဆိုရင်တော့ ဥပဒေအရ ဆောင်ရွက်ရမှာပါပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါပါတီတို့သည် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများဌာနက ဦးလှမောင်ချိုက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီတို့သည် ရွေးကောက်ပွဲတစ်ခုတွင် အနိမ့်ဆုံးမဲဆန္ဒနယ် သုံးခု၊ သက်ဆိုင်ရာတိုင်းပြည်နယ်တို့တွင်သာ စည်းရုံးမည့်ပါတီတို့သည် ယင်းဒေသအတွင်း လစ်လပ်သည့် မဲဆန္ဒနယ်အရေအတွက် အလျောက် ပါ၀င်ယှဉ်ပြိုင်ရမည်ဟု သတ်မှတ်ထားသည်။

ထို့ကြောင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသေးသော ပါတီများသည် ယင်းအခြေအနေ ကြံုတွေ့နေရခြင်းဖြစ်သည်။

ပါတီများမှတ်ပုံတင်စဉ်ကတည်းက ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီနှင့် သက်ဆိုင်ရာတိုင်း၊ ပြည် နယ်များတွင်သာ မဲဆွယ်စည်းရုံးမည့်ပါတီဟူ၍ ခွဲခြားထားပြီး ယနေ့အချိန်တွင် ၆၇ ပါတီ ရှိနေပြီဖြစ်သည်။

ယင်းတို့အနက်၂၁ ပါတီသာ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်များတွင် စည်းရုံးမည်ဟု စာရင်းသွင်းထားသည်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမဝင်က စာရင်းပယ်ဖျက်ခံရမည့် ပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်း စည်းရုံးရန် မှတ်ပုံတင်ထားသည့် ပါတီ ၁၄ ခုနှင့် သက်ဆိုင်ရာတိုင်း၊ ပြည်နယ်များတွင်သာ စည်းရုံးမည့် ၁၀ ပါတီတို့ပါ၀င်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတို့က ပြောသည်။

သို့သော်ပါတီအလိုက် နာမည်စာရင်းကိုမူ မဇ္ဈိမက ရရှိထားခြင်း မရှိပေ။

“ကျွန်တော်တို့ ၂၀၁၄ ကြားဖြတ်မှာ မဝင်ဖြစ်ဖို့များပါတယ်။ ၂၀၁၀ တုန်းက ၀င်ထားတဲ့အတွက်ဥပဒေနဲ့လည်း ညီပါတယ်၊ ပယ်ဖျက်လို့လည်းမ ရပါဘူး။ ဥပဒေပါအတိုင်း အနီးဆုံးရွေးကောက်ပွဲမှာ ၀င်ထားတဲ့အတွက်ပါ”ဟု ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီနာယက ဦးအောင်သန်းက မဇ္ဈိမကိုပြောသည်။

၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၃နေရာ၊ အမျိုးသားလွှတ်တော် ခြောက်နေရာ၊ တိုင်း၊ ပြည်နယ်လွှတ်တော်များတွင် ၁၅ နေရာတို့ လစ်လပ်လျက်ရှိသည်။

Most read this week