ကျပ်သန်းပေါင်းများစွာ သုံးသော်လည်း ရန်ကုန်ရေကြီးမှု မပြေလည်နိုင်သေးဟု မြို့တော်ဝန် ပြော

ကျပ်သန်းပေါင်းများစွာ သုံးသော်လည်း ရန်ကုန်ရေကြီးမှု မပြေလည်နိုင်သေးဟု မြို့တော်ဝန် ပြော
by -
မဇ္စျိမ

ရန်ကုန်မြို့တွင် မိုးရာသီရေကြီးရေလျှံမှုများ လျော့နည်းစေရန် ငွေကျပ်သန်းပေါင်း များစွာ အသုံးပြု ဆောင်ရွက်နေသော်လည်း လက်ရှိအခြေအနေအရ ရေကြီးရေလျှံနေမှုများကို ရာနှုန်းပြည့် ကာကွယ်နိုင် မည်မဟုတ်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

သြဂုတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းတွင် ရေကြီးရေလျှံမှုများနှင့် ရေမြောင်းပိတ်ဆို့မှုများကို မည်သည့်ဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်မည်ကို ပြည်သူသို့ ရှင်းလင်းစွာ တင်ပြရန် အစီအစဉ်ရှိ မရှိ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)အမတ် ဒေါက်တာ ညိုညိုသင်းက မေးရာတွင် ယင်းသို့ ပြန်ဖြေခြင်း ဖြစ်သည်။

Yangon-development

ရေကြီးရေလျှံမှုမဖြစ်စေရန် ဆောင်ရွက််ရာတွင် သာမန်လုပ်ရိုးလုပ်စဉ်များအပြင် ပြင်ပရေဝင်ရောက်မှု မရှိစေရန် ရေလုံတာတမံများ တည်ဆောက်ခြင်း၊ စီးဆင်းလာသည့် ရေများကို စနစ်တကျတွက်ချက်၍ မြေပေါ်တွင် ပြုလုပ်ထားသည့် ရေဝပ်ကန်များ ရေထိန်းကန်များဖြင့် ခေတ္တထိန်းသိမ်းခြင်း၊ မြေအောက်တွင် ရေလှောင် လိုဏ်ခေါင်းများ တည်ဆောက်ခြင်း၊ တာတမံများ ရေလှောင်ကန်များမှ ရေများကို ရေစုပ်ပိုက်များဖြင့် မြစ်ချောင်းများသို့ စွန့်ပစ်ခြင်းအစရှိသည့် စီမံကိန်းများကို ဆောင်ရွက်နိုင်မှသာ ရေကြီးရေလျှံနေမှုများကို ရာနှုန်းပြည့် ကာကွယ်နိုင်မည်ဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

“ဆောင်ရွက်ဖို့ရာအတွက် နည်းပညာနှင့် ဘဏ္ဍာငွေမြောက်မြားစွာ သုံးစွဲမှသာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဦးလှမြင့် ကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ ရေကြီးရေလျှံမှုများကို လျော့ကျစေရန် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ဘဏ္ဍာငွေများထဲမှ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းသို့ ကျပ် ရ,၂၂၂ ဒသမ ၃ သိန်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ကျပ် ၁,၉၈၈ ဒသမ ရ သိန်း၊ ဆည်မြောင်းဦးစီးဌာနကို ကျပ် ၂,၀၂၀ သိန်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနကို ကျပ် ၆၅၀ သိန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ငွေကျပ် သိန်း၂၄၀ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၂,၀၀၀ ကျော် ခွင့်ပြုပေးထားသည်ဟု ၎င်းက ဆိုသည်။

ဒေါက်တာညိုညိုသင်းက ကျပ်သန်းပေါင်းများစွာ သုံးစွဲနေသဖြင့် လာမည့်နှစ်၌ ရေလျှံမှုဆက်ဖြစ်လျှင် မည်သူ တာဝန်ခံမည်နည်းဟု ထပ်ဆင့်မေးမြန်းသည်။

“ပိုက်ဆံတွေ ဘီလီယံနဲ့ချီသုံးပေမယ့် ရန်ကုန်မြို့က ရေပင်လယ်ပါပဲ”ဟု ၎င်းက ဆိုသည်။

သို့သော် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မည်သည့်ဝန်ကြီးဌာနတွင် တာဝန်ရှိသည့် အဖြေထက်စာလျှင် ရရှိလာသည့် ရန်ပုံငွေပေါ်တွင်သာ ရေကြီးရေလျှံမှုကိစ္စ မူတည်နေသည်ဟု ပြန်ဖြေသည်။

“အဖြေတွေက ပြည့်စုံလုံလောက်မှုရှိပြီလို့ ထင်ပါတယ်။ ဒီထက် ပိုပြီးမဖြေနိုင်တော့ပါဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့၏ ရေကြီးရေလျှံမှုကို တိုင်းဆည်မြောင်းဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းစည်ပင်သာယာရေးဦးစီးဌာနတို့က တိုင်းအစိုးရနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများကို တာဝန်ခံဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် များအတွက် အဖွဲ့ဝင် ၁၅ ဦးပါ ရေကြီးရေလျှံမှု မဖြစ်ပွားရေးကော်မတီ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေး ထားသည်။

Most read this week