ဖားကန့်ရေကြီး၍ ကျောက်စိမ်းတူးဖော်ရန် ခက်ခဲနေ

ဖားကန့်ရေကြီး၍ ကျောက်စိမ်းတူးဖော်ရန် ခက်ခဲနေ
by -
မဇ္စျိမ

ကချင်ပြည်နယ် ဖားကန့်တွင် ယခုသီတင်းပတ်အတွင်း ရွာသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေလျှံသဖြင့် ကျောက်စိမ်းတူးဖော်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျောက်စိမ်းလုပ်းငန်းရှင် ကိုသန်းထိုက်ဇော်က ပြောသည်။

“ သြဂုတ် ၂၄ရက်က  ဖားကန့်မှာ နံနက်ပိုင်းလောက်မှာ စပြီးရွာတဲ့ မိုးကြောင့် ဥရုချောင်းရေလျှံပြီး လုံးခင်းတစ်ရွာလုံးနီးပါး ရေနစ်မြုပ် သွားတယ်။ စက်တင်ဘာ ၁ရက်မှာစပြီး ကျောက်စိမ်းတူးဖော်ခွင့် ပြုထားပေမယ့် တူးဖို့အခက်တွေ့နေတယ်” ဟု ၎င်းကပြောသည်။

25aug5

သြဂုတ်လ ၂၄ရက်က ဥရုချောင်း ရေလျှံ၍ ရေကြီးမှုသည် ယခင်နှစ်များထက် တစ်ပေခွဲကျော် ပိုမိုခဲ့သည်ဟု ဖားကန့်မြိုနယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဆွေက မဇ္စျိမကိုပြောသည်။

အဆိုပါ ဒေသသည် မိုးများသည့် ရပ်ဝန်းဖြစ်၍ မိုးရာသီကာလတွင် ယင်းကဲ့သို့ ရေကြီးသည့်ဖြစ်စဉ်များ မကြာခဏတွေ့ကြံုကြရပြီး မိုးရာသီ၌ ကျောက်စိမ်းထုတ်လုပ်မှု လျော့နည်းတတ်သည်။

“လုပ်ငန်းရပ်နားထားရတာလည်း ကြာပြီ။ ဒါပေမယ့် ကုမ္ပဏီတစ်ချို့က ကြားကာလမှာ လုပ်တာမျိုးလည်း ရှိတယ်။ စျေးကွက်မှာတော့ အရင်ရှိပြီးသား ကျောက်တွေကို ထုတ်ရောင်းနေကြရတာဆိုတော့ မန္တလေးမှာ ကုန်ချောထုတ်ဖို့ ကျောက်ရှားပါးမှု ကြံုတွေ့နေရတယ်” ဟု မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းရှိ ကျောက်သမား ကိုနေမျိုးကပြောသည်။

ဖားကန့်မြို့ရှိ ဖားကန့်အသင်းတော်မှ သင်းအုပ်ဆရာဦးတူးဂျာက "အခုဘုရားကျောင်းထဲက ပလ္လင်တော်အထိ ရေမြုပ်နေပြီ။ အထဲမှာလည်း လူ ၆ဝလောက်ကို ပိတ်နေတယ်။ ရေတက်လို့ ဘာမှလည်း စားစရာမရှိတဲ့အတွက် အခုတစ်ခြားမြို့ကို လှမ်းအကြောင်းကြားပြီး ထမင်းထုပ်တွေလာပို့ခိုင်းရပါတယ်။ ဒီနှစ်ရေတက်တာ ပိုဆိုးတယ်"ဟု ၎င်းကပြောသည်။

ဖားကန့်ဒေသ ရေနစ်မြုပ်မှုသည် လွန်ခဲ့သည့် ၈နှစ်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားရသည့် အကြောင်းအရင်း ထဲတွင် ကျောက်စိမ်းတူဖော်မှုကြောင့် ထွက်လာသည့် မြေစာများကို မြစ်များအတွင်း တောင်ကျရေနှင့် မျောပါခြင်း၊ ကျောက်တူးခြင်း တို့ကြောင့် ချောင်းရေစီးကြောင်း ပြေင်းလဲမှုသည်လည်း ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။