ချင်းတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်

ချင်းတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်
by -
Salai Hong Tun Gei

ချင်းတိုးတက်ရေးပါတီ(CPP) အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္နနယ်များဖြစ်သည့် ဖလမ်း၊ ဟားခါးနှင့် တီးတိန်သုံးနေရာ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြာင်း အဆိုပါ ပါတီ၏ တွဲဖက်အတွင်းရေးမှုး (၂ )  ဦးအိုက်စောမြ ကပြောသည်။

 ဦးအိုက်စောမြက “ကျွန်တော်တို့ ဖလမ်းမှာတော့ နိုင်ဖို့သေချာတယ်။ ဖလမ်းမှာက ဘယ်ပါတီကမှ ကျွန်တော်တို့ပါတီလောက် စည်းရုံးရေးအင်အားမကောင်းဘူး။ အနိုင်ရဖို့သေချာတယ်။ တီးတိန်နဲ့ ဟားခါးမှာလည်း အနိုင်ရဖို့မရဖို့မသေချာပေမယ့် ပါတီဂုဏ်သိက္ခာအရယှဉ်ပြိုင်မှာပါ” ဟုပြောသည်။

“ ဖလမ်းမှာက ဦးကြွန်ဘိခ်ရဲ့မြေးဖြစ်တဲ့ ပညာရေးမှုးဟောင်း ဦးရွှေမှုန်းကိုရွေးချယ်ထားတယ်။ တီးတိန်နဲ့ဟားခါးမှာတော့မရွေးချယ်သေးဘူး၊ ပါတီရုံးတွေဖွင့်ပြီးမှရွေးချယ်သွားမှာပါ” ဟု ဦးအိုက်စောမြက ပြောသည်။

 ကြားဖြတ်ရွေးကောက်ပွဲ၌  ကြံ့ခိုင်ရေးပါတီသည် အဓိကပြိုင်ဖက်ဖြစ်လာနိုင်ကြောင်း၊ ဟားခါးမြို့နယ်တွင် ချင်းဒီမိုကရက်တစ်ပါတီနှင့် အဲန်အယ်ဒီပါတီ သည်အဓိကပြိုင်ဖက်ဖြစ်လာနိုင်ကြောင်း ၄င်းကဆိုသည်။

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး၌ လစ်လပ်နေရာ (၃၄)နေရာရှိသည့်အနက် ချင်းပြည်နယ်၌ ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ၊ ဖလမ်းမြို့နယ်တွင် ပြည်နယ်လွှတ်တော် နေရာများလစ်လပ်လျှက်ရှိသည်။

ချင်းတိုးတက်ရေးပါတီသည် ၂၀၁၀ တွင်တည်ထောင်သည့်ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ အမတ်နေရာ (၁၂) နေရာရရှိထားသည့်ပါတီဖြစ်သည်။