မွေးကင်းစတွင် အသားဝါတတ်သည့် ကလေးငယ်များကို ဓာတ်ကင်ကုသရန် လျှပ်စစ်မီးလုံလောက်မှု မရှိ၍ အခက်ကြံုနေရသည်ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမိုမိုအောင်က ပြောသည်။
“မွေးမွေးချင်း အသားဝါနေတဲ့ ကလေးတွေကို ဓာတ်ကင်ပြီးတော့ ကုရမှာမို့ ကလေးဆောင်ကို မနက်ပိုင်းမှာ လျှပ်စစ်မီးလွှတ်ပေးဖို့ လျှပ်စစ်ရုံးကို ပြောပါတယ်။ ဒါပေမဲ့ တစ်နာရီလောက်ပဲ မီးလာတယ်။ လျှပ်စစ်မီးမရတော့ ဓာတ်မကင်နိုင်တော့ဘဲ သွေးလဲပြီး ကုသနေရတယ်။ သွေးလွန်တုပ်ကွေးရာသီဆိုတော့ သွေးလဲကုသမှုထက် ဓာတ်ကင်တာက ပိုသင့်လျော်ပါမယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ကုတင် ၄၈ လုံးရှိ ကလေးကုသဆောင်၌ တက်ရောက်ကုသသူ ၁၀၀ ကျော်ရှိသည်ဟု ၎င်းက ပြောသည်။ ၎င်းတို့အနက် သုံးပုံနှစ်ပုံသည် သွေးလွန်တုပ်ကွေးရောဂါကြောင့်ဖြစ်ပြီး တစ်ရက်လျှင် ၄၀ ကျော်ရှိသည်ဟု ဒေါက်တာ မိုမိုအောင်က ပြောသည်။
“ဆေးရုံကြီးရဲ့ အရေးပေါ်လူနာဆောင်တွေအတွက် လျှပ်စစ်မီးကို ဘယ်လို ခွဲဝေပေးနေတယ်ဆိုတာကို ခရိုင်လျှပ်စစ်ရုံးနဲ့ ဆွေးနွေးပါမယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိန်အေးက ပြောသည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသည် ဇီးချောင်းရေအားလျှပ်စစ်က ပေးသည့် ဓာတ်အားကိုသာ အားပြုနေရခြင်း ဖြစ်သည်။ ထို့ကြောင့် မြို့ပေါ်ရှိ စေတနာရှင်များ စုပေါင်း၍ ပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ဆေးရုံမီးလင်းရေးများအတွက် မီးစက်တစ်စုံစီကို ၂၀၀၉ ခုနှစ်တွင် လှူဒါန်းထားသော်လည်း စက်သုံးဆီ(ဒီဇယ်) မရှိ၍ မလည်ပတ်နိုင်ဟု ဆေးရုံအထောက်အကူပြုကော်မတီဝင် ဦးညီညီက ပြောသည်။
“ဇီးချောင်းက မီးရသရွေ့ကတော့ ဆေးရုံကြီးကိုတော့ ၂၄ နာရီ မီးပေးပါတယ်။ လုပ်ငန်းလုပ်ချိန်မို့ မီးပြတ်တာ ဖြစ်ပါလိမ့်မယ်။ မနေ့ညကလည်း တောင်ပေါ်မှာ မိုးရွာလို့ ဇီးချောင်းဖျားမှာ အမှိုက်တွေ ဒိုက်တွေ ပိတ်နေ တယ်လို့ ကျွန်တော်လည်းသိရပါတယ်”ဟု ခရိုင်လျှပ်စစ်ရုံး အင်ဂျင်နီယာမှူး ဦးယုမော်က ပြောသည်။