ရေးမြို့နယ်တွင် လယ်မြေလျော်ကြေးငွေများ အတင်းအဓမ္မ လက်ခံစေခဲ့မှုရှိ

ရေးမြို့နယ်တွင် လယ်မြေလျော်ကြေးငွေများ အတင်းအဓမ္မ လက်ခံစေခဲ့မှုရှိ
by -
မွန်အေဂျင်စီ

တပ်မတော် အစိုးရလက်ထက်က မြေယာများသိမ်းယူပြီးနောက် ကာလပေါက်ဈေးနှင့် မကိုက်ညီသည့် လျော်ကြေးများကို အတင်းအဓမ္မလက်ခံစေခဲ့ကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အသိမ်းခံ ဥယျာဉ်ခြံရှင်များက ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ လယ်သမားရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဖွင့်ဟပြောဆိုခဲ့သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အသိမ်းခံ လယ်ယာမြေများနှင့် ဆက်စပ်ပြဿနာများ အချက်အလက် ရယူရန်အတွက် သြဂုတ်လ ၁၈၊ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိနေသည့် လယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင် ဦးစီးသည့် ၈ ဦးပါအဖွဲ့နှင့် တွေ့ဆုံရာတွင် ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအနီးရှိ ခမရ ၃၄၃ တပ်ရင်းအတွက် အသိမ်းခံရသည့် ခြံရှင် ဦးခန့်ငွေ က “လျော်ကြေး ပေးတုန်းက ခြံရှင်တွေကို ခေါ်တယ်။ ဟိုရောက်တော့ ရော့လျော်ကြေးငွေ လက်မှတ်ထိုး။ စာရွက်ပေး၊ ဘောလ်ပင်ပေးပြီး အတင်းထိုးခိုင်းတယ်။ ခုချိန်မှာတော့ သူတို့ အဲဒါနဲ့ ကိုင်ပေါက်တယ်။ နင်တို့ ဒါတရားဝင် လက်မှတ်ထိုးထားတာ။ လက်မှတ်ထိုးတာတော့ မှန်တယ်။ ဒါပေမဲ့ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ပါပြီး လက်မှတ်ထိုးထားတာ မဟုတ်ဘူးလေ။ မထိုးပေးရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုလို့ ကြောက်ပြီး ထိုးပေးခဲ့ရတာ” ဟု ပြောသည်။

ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးရှိ ခမရ ၅၈၃ အတွက် သိမ်းဆည်းခံရသည့် ခြံရှင်မကြီးတစ်ဦးကလည်း “တစ်ဧက ငွေကျပ်တစ်ရာနှုန်းနဲ့ လျော်ကြေးပေးတာ ကျွန်မတို့ ငွေကျပ်တစ်ထောင်ကျော်ပဲ ရတယ်။ အဲဒီ (၂၀ဝ၁ ခုနှစ်) တုန်းကဆို ကျွန်မတို့ ခြံတွေ ဆယ်သိန်းကျော် တန်တယ်” ဟု ပြောသည်။

မြေယာအသိမ်းခံရခြင်းကြောင့် ခြံရှင်မိသားစုဝင်အချို့သည် အလုပ်လက်မဲ့ကာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ် သမားများအဖြစ် သွားရောက်လုပ်ကိုင်ကြရပြီး၊ အချို့မှာ စိတ်သောကကြောင့် သေဆုံးသွားသည်လည်း ရှိသည်ဟု ၎င်းတို့က ဖွင့်ဟပြောဆိုကြသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်သည် မြေယာအသိမ်းခံရမှုတွင် အဆိုးဆုံးမြို့နယ် ဖြစ်ပြီး၊ အများစုမှာ ၂၀ဝဝ ခုနှစ်ဝန်းကျင်တွင် အစိုးရတပ်ရင်းသစ် နေရာချထားရန်အတွက် တပ်မတော်မှ သိမ်းယူခဲ့သည့် ဥယျာဉ်ခြံများ ဖြစ်ကြသည်။

ထိုစဉ်က ခမရ ၅၈၆၊ ခမရ ၅၈၇၊ ခမရ ၅၈၈၊ ခမရ ၃၄၃၊ ခမရ ၅၈၃၊ ခမရ ၅၉၁ စသည့် တပ်ရင်း ၁၀ ရင်းခန့် တိုးချဲ့ချထားရန်အတွက် ခြံမြေ ဧက ၃,ဝဝဝ ကျော်ကို သိမ်းယူခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ စာရင်းဇယား ပြုစုချက်အရ သိရသည်။

တစ်နိုင်ငံလုံးတွင် အစိုးရနှင့် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀ဝဝဝ ကျော်အနက် ဧက ၃၅၀ဝဝဝ ကျော်ကို အသုံးပြုရန် လိုအပ်သည့်အတွက် စွန့်လွှတ်မည် မဟုတ်ကြောင်း ဇူလိုင်လဆန်းပိုင်းတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းလုပ်ရပ်သည် တာဝန်မဲ့ရာကျပြီး တရားမျှတမှု မရှိကြောင်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ခဲ့သည်။

“ပြည်သူလူထုကို တကယ်ကိုယ်စားပြုတဲ့ သန့်ရှင်းတဲ့ အစိုးရ၊ ပြည်သူ့အစိုးရဆိုရင် ဒီမြေတွေ တကယ်ပြန်ပေးရ မှာပဲ။ လူထုအစိုးရ ဖြစ်အောင်၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် ကျွန်တော်တို့က ဝိုင်းလုပ်နေကြတာ” ဟု ကိုထွန်းမြင့်အောင် က ပြောသည်။

မြေယာပြဿနာများကို ဖြေရှင်းဆုံးဖြတ်ပေးရာတွင် လျော်ပေးရုံမျှ၊ လယ်ယာပြန်ပေးရုံမျှဖြင့်တာဝန်ကျေပြည့်စုံ သည်ဟု မယူဆဘဲ၊ လူနေမှုဘဝ တည်ငြိမ်ရေးအတွက် သင့်လျော်သည့် အကူအညီများကို စီမံချက်ချကာ လုပ်ဆောင်ပေးရန်လည်း လိုအပ်ကြောင်း တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂက သြဂုတ်လ ၁၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ လယ်သမားရေးရာအဖွဲ့သည် တစ်နိုင်ငံလုံးရှိ မြေယာနှင့် ဆက်စပ်သည့်ပြဿနာ ဆိုင်ရာ အချက်အလက်များကို ရယူပြီးနောက် အစီရင်ခံစာ ထုတ်ကာ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တိုင်းရင်းသားခေါင်းဆောင်များသို့လည်းကောင်း၊ အစီရင်ခံစာ ဘာသာပြန်ကို နိုင်ငံတကာ အဖွဲ့အစည်းသို့လည်း ပေးပို့သွားမည်ဟု ကိုထွန်းမြင့်အောင် ကပြောသည်။