နိုင်ငံတွင်းရှိ ကုတင် ၁၀၀ နှင့် အထက် ဆေးရုံများတွင် ဆေးရုံတက်ရောက်ကုသရန် ရောက်ရှိနေသော လူနာများသည် ငွေကြေး၊ လူနာစောင့်အခက်အခဲ၊ ဆေးရုံဆင်းသောအခါ သွားစရာနေရာမရှိခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာ ပေးခြင်း၊ ဆေးရုံရှိ ၀န်ထမ်းများနှင့် အဆင်ပြေမှုမရှိခြင်း၊ အခမဲ့ဆေးကုသမှုခံ ယူလိုခြင်းများအပြင် အခြားသော အခက်အခဲများကို ဆေးလူမှုဆက်ဆံရေး (Medical Social Work) ဌာနမှ ကူညီဖြေရှင်းပေးလျက်ရှိသည်ဟု ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီး (ဂျပန်ဆေးရုံ)မှ ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးအေးမြင့်က မဇ္စျိမကို ပြောသည်။
ယခုအချိန်တွင် ကျန်းမာရေးဘတ်ဂျက်များ တိုးမြှင့်ပြီးဖြစ်သည့်အတွက် ယခင်ကဲ့သို့ ပါးစပ်က ကူညီသည့် အခြေအနေမှ လက်တွေ့အကူအညီ ပေးလာနိုင်ပြီဟုလည်း ၎င်းက ပြောသည်။
လူနာများသည် ဆေးဝါးကုသမှု မခံယူမီ၊ ကုသမှုခံယူဆဲ၊ ဆေးရုံဆင်းပြီး ရက်ချိန်းဖြင့် ပြန်ပြရန် ချိန်းဆိုထား သောအခါများတွင် ဆေးလူမှုအဖွဲ့သို့ အကူအညီတောင်းခံနိုင်သည်ဟု ဆိုသည်။
ယင်းသို့တောင်းခံရာတွင် ဆေးလူမှုဆက်ဆံရေးဌာနက လူနာ၌ အမှန်တကယ် လိုအပ်မှုရှိ/မရှိကို စစ်ဆေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ငွေကြေးချို့တဲ့သူများသည် ဆေးရုံသို့ လာရောက်ကုသရာတွင် ဆေးဝါးခများ၊ ဆေးစစ်ဆေးစမ်းသပ်ခများအပြင် အခြားသော သွေးသွင်းရန် လိုအပ်နေသော လူနာများအတွက် သွေးရှာပေးခြင်းများစသည်တို့ကို အခမဲ့သော်လည်းကောင်း၊ ငွေကြေးတစ်စိတ်တစ်ပိုင်းအားဖြင့်သော်လည်းကောင်း ပေးနိုင်ခြင်းစသည်ဖြင့် ပုံစံအမျိုးမျိုးကို ကူညီဖြေရှင်းပေးမည်ဟု ဆိုသည်။
အချို့သောလူနာများသည် ဆေးရုံမှ ဆင်းသောအခါ သွားစရာနေရာမရှိဖြစ်နေသူများအတွက် သန်လျင်ရှိ သန်လျင်သဘာဝတရားရိပ်သာကျောင်းတိုက်နှင့် ချိတ်ဆက်ပေးသကဲ့သို့ အခြားသော ပြင်ပရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဟု ဦးအေးမြင့်က ပြောသည်။
ယင်းဌာနရှိခြင်းကြောင့် ဆေးရုံရှိ ၀န်ထမ်းများနှင့် လူနာများကြားတွင် လုပ်ကိုင်ရသည်မှာ ပိုမိုအဆင်ပြေ လာသည်ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (ဂျပန်ဆေးရုံ)မှ ဆေးရုံအုပ်ဒေါက်တာ ခင်တင်က မဇ်္စျိမကို ပြောသည်။
“အခုဆို သူတို့က ကြားဝင် ဆောင်ရွက်ပေးတာဆိုတော့ ပြဿနာနည်းသွားတယ်”ဟု ၎င်းက ပြောသည်။