ဌာနဆိုင်ရာ ဝန်ထမ်းများ လာဘ်ယူနေဆဲဟု သမ္မတ ဝန်ခံ

ဌာနဆိုင်ရာ ဝန်ထမ်းများ လာဘ်ယူနေဆဲဟု သမ္မတ ဝန်ခံ
by -
မဇ္စျိမ

၀န်ထမ်းထုအတွင်း လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်ပြီး စိတ်ဓာတ်မှစ၍ ပြောင်းလဲရန် လိုအပ်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့မှ တာဝန်ရှိသူတို့ကို ပြောလိုက်ခြင်းဖြစ်သည်။ တာဝန်ရှိသူတို့၏ မမှန်မကန်လုပ်ကိုင်သည်ကို တွေ့ရှိပါက ထိရောက်စွာ အရေးယူကြရန် သမ္မတက ပြောသည်။

ဇွန်လအစောပိုင်း၌ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC)တွင် ပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင်လည်း လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားသည်ဟု သမ္မတက ပြောခဲ့သည်။

ယခုလအတွင်း MICC ၌ပင် ပြုလုပ်သည့် မြေမဲ့ယာမဲ့များအတွက် မြေယာများ ပြန်လည်နေရာချထားရေး အလုပ်ရုံဆွေးနွေးပွဲ၌လည်း မြေယာအသုံးချရေးများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟု ဦးသိန်းစိန်က ထပ်မံသတိပေးခဲ့သည်။

ထို့နောက် သြဂုတ် ၂၀ ရက် လေးလပတ် အစည်းအဝေးတွင် “ကျန်ရှိတဲ့ ကာလမှာ လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်သွားကြဖို့ ပြောကြားလိုပါတယ်”ဟု သမ္မတက တိုက်တွန်းလိုက်ပြန်သည်။

၂၀၁၁ ခုနှစ်မှ စတင်သည့် ဦးသိန်းစိန်၏ အစိုးရသက်တမ်း ငါးနှစ်သာ ကျန်တော့သည့်အချိန်တွင် ယင်းသို့ သတိပေးခြင်းလည်းဖြစ်ပြီး ပြည်သူတို့၏ နားလည်မှု၊ ယုံကြည်မှု၊ အားကိုးမှုများရရန် လိုသည်ဟုလည်း ၎င်း၏ အစိုးရအဖွဲ့ဝင်များကို သတိပေးသည်။

ဦးသိန်းစိန်က မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်၏ ပထမဆုံးအစိုးရ ဖြစ်သဖြင့် အောင်မြင်မှုရှိသည့် ပြည်သူ ယုံကြည်အားကိုးသည့် အစိုးရအဖြစ် သမိုင်းတွင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြရန်လည်း ၎င်း၏ အစိုးရအဖွဲ့ဝင်များကို တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုကော်မတီကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်က ဖွဲ့စည်းခဲ့သည်။ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်၏ လုပ်ငန်းဆောင်တာများနှင့်သက်ဆိုင်သည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည့် လာဘ်ပေးလာဘ်ယူမှုကော်မတီ အကြောင်းပြန်စာအရ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ တိုင်ကြားလာသည့် အမှုပေါင်း ၃၁၈ မှု ရှိကာ ပဏာမစိစစ်ချက်အရ ပေါ်လွင်ထင်ရှားမှုရှိသော အမှု ၉၁ မှု၊ ပေါ်လွင်ထင်ရှားမှု မရှိသော အမှု ၁၈၃မှု နှင့် စိစစ်ဆဲအမှု ၄၄ မှု ရှိသည်။

Most read this week