သင်္ဘောနစ်မြုပ်မှုမှ ပျောက်ဆုံး ရေလုပ်သား ၁၅ ဦးအတွက် ဂရုဏာကြေး ငါးသိန်းစီပေး

သင်္ဘောနစ်မြုပ်မှုမှ ပျောက်ဆုံး ရေလုပ်သား ၁၅ ဦးအတွက် ဂရုဏာကြေး ငါးသိန်းစီပေး
by -
မဇ္စျိမ

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီးတွင် နစ်မြုပ်သွားသော အဏ္ဍာဝါမင်း (၉) ငါးဖမ်းသင်္ဘော နစ်မြုပ်မှုတွင် မတွေ့ရှိသေးသူ ရေလုပ်သား ၁၅ ဦးကို တစ်ဦးလျှင် ငါးသိန်းကျော် နစ်နာကြေးပေးနေသည်ဟု ကုမ္ပဏီကိုယ်စား ဂရုဏာကြေးထုတ်ပေးသူ ဦးတင်အောင်ထွေးက သြဂုတ် ၂ဝ တွင် မဇ္စျိမကို ပြောသည်။

ပျောက်ဆုံးသွားသူများကို ပြန်လည် ရှာဖွေမတွေ့ရှိသေးသဖြင့် မိသားစုများကို ထိုသို့ နစ်နာကြေးနှင့် လစာများ သြဂုတ် ၁ဝ ရက်မှ စတင်ကာ ၂၁ ရက်ထိ ဆက်သွယ်၍ ရနိုင်သူများကို ပေးအပ်ခြင်းဖြစ်သည် ဟု ဆိုသည်။

“ဒါကနှစ်ဖက်စလုံးက နစ်နာတယ်လေ ပျောက်ဆုံးသူတွေရဲ့မိသားစုတွေကလည်း ကြေနပ်ကြပါတယ်”ဟု ဦးတင်အောင်ထွေး က ပြောသည်။

ပျောက်ဆုံးသွားသော ရေလုပ်သားများ၏ မိသားစုဝင်များကို ဂရုဏာကြေး ငါးသိန်းနှင့် လုပ်ခ လစာ လေးသောင်းခုနှစ်ထောင်ကျပ် ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လျော်ကြေးရယူသူ မိသားစုဝင်များကို မဇ္စျိမက မဆက်သွယ်နိုင်ခဲ့ပါ။

ပျောက်ဆုံးသူများတွင် ဧရာဝတီတိုင်း ပုသိမ်မြို့၊ ဇလွန်မြို့များနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့များက ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးထွန်းတင်က "ဖြစ်တာက ကမ်းဝေး ငါးဖမ်းရေယဉ်ပါ အဲဒီလိုမျိုး အသက်အန္တာယ်ဖြစ်ပေါ်တာမျိုး ဖြစ်ရင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် သိမ်းတာအထိ ပြည်ထောင်စု ငါးလုပ်ငန်းဦးစီးဌာနက အရေးယူလို့ရပါတယ်”ဟု မဇ္စျိမကိုပြောသည်။

သြဂုတ် ၂ ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် ရမ်းဗြဲ ကျွန်းအနီးတွင် လှေလုပ်သား ၂၁ ဦးပါ ငါးဖမ်းသင်္ဘော နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ၁၅ ဦးမှာ ပင်လယ်ပြင်တွင် ပျောက်ဆုံးနေခြင်းဖြစ်သည်။

Most read this week