အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကျမှသာ ဒေါ်အောင်ဆန်းစုကြည် ပါ၀င်လာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ သြဂုတ် ၁၉ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့သော လူငယ်များနှင့် MPC တွေ့ဆုံပွဲပြီးနောက် မီဒီယာများ မေးမြန်းစဉ် ပြောခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကိုပါဖို့့ ကျွန်တော်တို့ ဖိတ်တယ်။ အစိုးရကတော့ မဖိတ်ဘူး။ နှစ်ဖက်သဘောတူမှ အလယ်လူတစ်ယောက်ကို ခေါ်လို့ရတာ။ တစ်ဖက်က ဘာမှ မပြောတော့ ခွကျတယ်။ အစိုးရအနေနဲ့ ဒီအခြေအနေမှာ မလိုအပ်သေးဘူး တွက်ဆနေတယ်။ သို့သော် အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်တဲ့အချိန် တရားဝင်ပြုလုပ်တဲ့အချိန်မှာ သက်သေတစ်ဦးအနေနဲ့ သူပါကောင်းပါလာလိမ့်မယ်”ဟု ခွန်ဥက္ကာက ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကြားကာလတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုရာ၌ အချက်လေးချက် ကျန်နေသေးပြီး စက်တင်ဘာလ ပြန်တွေ့ချိန်တွင် ပြေလည်မှုရရှိမည်ဟု NCCT က မျှော်လင့်ထားသည်။
“အန်ကယ်တို့ တစ်ဖက်သတ်ဆုံးဖြတ်လို့ မရဘူး။ ဆုံးဖြတ်ရင် UPWC နဲ့ တိုင်ပင်ပြီး သဘောတူမှ ဆုံးဖြတ်ရမယ်။ အပစ်အခတ်ရပ်စဲရေးမှာလည်း သဘောတူစာချုပ်ချုပ်ဆိုတဲ့နေရာမှာ အန်တီကိုတော့ သက်သေ တစ်ယောက်အနေနဲ့ ပါ၀င်စေချင်တယ်။ အဲဒီသဘောတော့ ရှိပါတယ်။ ကျွန်တော်တို့ ဖိတ်မယ်ဆိုရင်သူ လာမယ်လို့တော့ ပြောပါတယ်”ဟု NCCT အဖွဲ့ဝင် ဦးနိုင်ဟံသာက မဇ္ဈိမကိုပြောသည်။
ထို့ပြင် သြဂုတ် ၁၈ ရက်က KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်၊ NCCTအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၎င်း၏ နေအိမ်တွင် တွေ့့ဆုံခဲ့ကြသည်။
ဦးနိုင်ဟံသာက လွှတ်တော်မှာ လှုပ်ရှားခဲ့သည့် အနေအထားများကို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ရင်းနှီးမှုခင်မင်မှုနှင့် သွားရောက်တွေ့ဆုံခြင်းသာဖြစ်သည်ဟု မဇ္ဈိမက မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့သည်။