လယ်ယာမြေ သိမ်းဆည်းမှုတွင် အစိုးရဝန်ထမ်းများ ပါ၀င်ပတ်သက်မှုကြောင့် မြန်မာနိုင်ငံ၌ လယ်ယာမြေကိစ္စရပ်များ ဖြေရှင်းရာတွင် အခက်အခဲတွေ့နေရပြီး ယင်းဝန်ထမ်းများကို အရေးယူရန် လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် လွှတ်တော်တွင်တင်မည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တောင်သူလယ်သမားရေးရာကော်မတီတာဝန်ခံ ဦးညွန့်တင်က သြဂုတ် ၁၉ တွင် ပြောသည်။
“ဒေသဆိုင်ရာ အာဏာပိုင်တွေက ကိုယ်ကျိုးစီးပွားရှာပြီး လုပ်နေတဲ့အတွက်ကြောင့် မြေယာအခက်အခဲတွေ ပိုတွေ့နေရတယ်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ်သက်တဲ့ အမှုတွေက ကြန့်ကြာနေတာ”ဟု ဆိုသည်။
ပိတောက်ဖျံကျေးရွာတွင် ဦးလေးဖြစ်သူက ကျန်းမာရေးအခြေအနေကြောင့် တူဖြစ်သူထံမှ ငွေကျပ်ခုနစ်သိန်းကို ငါးကျပ်တိုးနှုန်းဖြင့် ချေးငွေယူထားခဲ့ရာမှ သုံးနှစ်ကြာသောအခါ ငွေကျပ်စုစုပေါင်း ၁၉ သိန်းဖြစ်သွားခဲ့ပြီး ပြန်မဆပ်နိုင်သောကြောင့် မိမိပိုင် လယ်မြေ ၁၃ ဒသမ ၈၄ ဧကထဲမှ ၄ ဒသမ ၈၄ ဧကကို တူဖြစ်သူအား ငွေကျပ် ၁၉ သိန်း ပြန်ဆပ်နိုင်သည့် အချိန်တွင် အဆိုပါလယ်မြေကို ပြန်လည်ရယူမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် စာချုပ်စာတမ်းနှင့် ကတိပြုခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ငွေပိုင်ရှင်ဖြစ်သော တူဖြစ်သူတို့ ပူးပေါင်း၍ အဆိုပါ လယ်မြေ ၄ ဧက ဒသမ ၈၄ကို လယ်ယာမြေမှတ်ပုံတင် ပြုလုပ်ခဲ့သည်ဟု အဆိုပါအမှုကို ကိုင်တွယ်ဖြေရှင်းပေးမည့် ဦးညွန့်တင်က ဆိုသည်။
“အဲဒီလယ်မြေက လယ်လုပ်သူကိုသာ မှတ်ပုံတင်ပေးရမှာ။ ဒီကိစ္စမှာ ဦးစီးမှူးအထိ ပါ၀င်ပတ်သက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံတင်ထုတ်ပေးတာဟာ ဦးစီးမှူးရယ်၊ မြို့နယ်ရယ်၊ ခရိုင်ရယ်က အတည်ပြုချက်တွေ လိုတယ်။ ဒီနေ့ သမ္မတ ပြောတဲ့ကောင်းမွန်သော အစိုးရနဲ့ သန့်ရှင်းသော အုပ်ချုပ်ရေးဖြစ်ဖို့ ဒီဝန်ထမ်းတွေပါ ကောင်းမွန်သန့်ရှင်းဖို့ လိုတယ်လေ။ ဒါတွေကို လာမယ့်လွှတ်တော်မှာ တင်မယ််”ဟု ဦးညွန့်တင်က ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် လက်ရှိအချိန်ထိ အမှုပေါင်း ၂,၅၄၁ ခုကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လယ်ယာမြေလျော်ကြေးငွေပေါင်း ၈၃၇,၈၅၁ ဒသမ ၃၃ ရရှိခဲ့သည်ဟု ပါတီဖွဲ့စည်းချိန်မှ စ၍ ၂၀၁၄ ဇူလိုင်၂၂ ရက်ထိ ပါတီစာရင်းများအရ သိရသည်။ အလားတူ ဒေသဆိုင်ရာအာဏာပိုင်က လယ်မြေများတွင် ပါ၀င်ပတ်သက်သော ဖြစ်စဉ်များလည်းရှိသည်ဟု ဦးညွန့်တင်က ဆိုသည်။
ရန်ကုန်တိုင်းအတွင်း လယ်ယာမြေလျော်ကြေးပေးလျော်ရာတွင် လယ်သမားများကို ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများရှိသည်ဟု ရန်ကုန်တိုင်း လယ်ယာမြေနှင့် အခြားမြေ စုံစမ်းရေးကော်မရှင် ခေါင်းဆောင် ဦးအောင်သိန်းလင်းက သြဂုတ်လ ၁၈ ရက် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တပ်က သိမ်းဆည်းထားသည့် လယ်မြေဧက နှစ်သိန်းခွဲခန့်ရှိနေပြီး ထိုလယ်မြေများထဲမှ ဧက တစ်သောင်းကျော်ကို လယ်သမားတို့ထံ ပြန်လည်ပေးအပ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။