ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒီရေ ၀င်ရောက်လာကာ လယ်ယာမြေ ဧက တစ်သောင်းခန့် ပျက်စီးသွားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကသြဂုတ် ၁၆ရက်တွင် မဇ္စျိမကိုပြောသည်။
ဆည်တာတမံများ ပျက်စီးမှုကြောင့် ဒီရေဝင်ရောက်လာကာ လယ်မြေများ ပျက်စီးရခြင်းဖြစ်သည်ဟုဆိုသည်။
“မိုးရွာလို့မဟုတ်ဘူး ဒီရေတက်တာ ရေငံတွေဝင်ပြီး ပျက်သွားတာ၊ ပြည်နယ် အစိုးရကတော့ ဆည်တွေ ပြန်ဆည်ပေးမယ်လို့ ပြောထားတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။
မြေပုံမြို့နယ်ရှိ လယ်ယာမြေများမှာ ကမ်းရိုးတမ်းအနီးတွင် ရှိပြီး ပင်လယ်ဒီရေများ ၀င်ရောက်မှုရှိသော်လည်း ယခုနှစ်သည် ဆယ်စု နှစ်တစ်ခု အတွင်းအများဆုံး ဖြစ်သည်ဟုဆိုသည်။
မြေပုံမြို့နယ်တွင် လယ်ယာမြေ ဧကပေါင်း တစ်သိန်းကျော်ရှိပြီး ပင်လယ်ဒီရေကြောင့် ပျက်စီးခြင်းမှာ ဧက တစ်သောင်းခန့် ရှိသည် ဟုဆိုသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ဆည်မြောင်း တာတမံပေါင်း ၃၅ ခုရှိပြီး ယင်းတာတမံများ လယ်ယာမြေများသို့ ပင်လယ် ဒီရေများ မဝင်ရောက်ရန်၊ ရေချိုရရှိရန်တို့ အတွက် ဆည်ထားရှိခြင်းဖြစ်သည်။
“ငါး၊ပုဇွန် မွေးမြူတဲ့ သူတွေက ရေငံတွေရဖို့ ဆည်တွေကို ဖောက်ချတယ်၊ အစိုးရက အရေးယူတားဆီးမှုမရှိ တော့ ဆည်တွေက တစ်ခုမှ အကောင်းမရှိတော့ဘူး”ဟု ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က ပြောသည်။
သြဂုတ်လအတွင်း မိုးရေကြီးမှု နှင့် ရေလျှံမှု၊မြစ်ရေကြီးမှုများကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လယ်ယာမြေပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ပဲခူးတိုင်းတွင် လယ်ယာမြေ တစ်သိန်းကျော်အထိရေ နစ်မြုပ်ခဲ့ပြီး တိုင်းအစိုးရက မျိုးစေ့ နှင့် စိုက်စရိတ်များ ပြန်လည်ထုတ်ပေးမည်ဟု ပြောကြားထားသည်။