စားကျက်မြေကျူးကျော်သူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းတွင် တရားစွဲ

စားကျက်မြေကျူးကျော်သူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းတွင် တရားစွဲ
by -
နိရဥ္စရာ

အများပိုင် စားကျက်မြေအပေါ် ကျူးကျော် ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး သြဂုတ်လ ၁၄ ရက်နေ့က တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ အနီးရှိ အများပိုင်မြေ စားကျက် (၁၆၃) ဧကတွင် ကျူးကျော် လယ်ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောဆိုသည်။

တရားစွဲဆိုခံရသော လယ်သမားများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ (၉) ဦး၊ တန်းခိုးရွာမှ (၈) ဦးနှင့် အောင်ဒူလာကျေးရွာမှ (၅)ဦး ဖြစ်သည်ဟု ကျွဲထိုးရွာတွင် နေထိုင်သူ ကိုမောင်ခင်မြင့်က ပြောသည်။

လယ်သမားများကို မြို့နယ်တာဝန်ရှိသူများက တရားစွဲဆိုထားသော်လည်း မိမိတို့ အနေဖြင့် တရားစွဲဆိုခံ သည်ကို မသိရသေးကြောင်း ကျွဲထိုးရွာမှ တရားစွဲဆိုခံရသူ လယ်သမားဦးစံလှဖော်၏ ဇနီးဖြစ် ဒေါ်ခင်ဦးရွှေက သြဂုတ်လ (၁၄) ရက်နေ့ ညနေက နိရဥ္စရာသို့ ပြောဆိုသည်။

“ကျွန်မတို့ကို မြို့နယ်မှာ တရားစွဲဖို့ သွားကြတယ်ဆိုတဲ့ သတင်းကိုတော့ ကြားမိတယ်။ စွဲဖြစ်လား မစွဲဖြစ်လား ဆိုတာကိုတော့ ကျွန်မတို့ မသိသေးဘူး” ဟု သူမက ပြောသည်။

၂၀၀၃ ခုနှစ် တိုင်းမှူးမောင်ဦးလက်ထက်တွင် လယ်သမား အချို့အား အဆိုပါ မြေနေရာများ၌ လယ်ထွန် ယက်ရန် ခွင့်ပြုသဖြင့် ထိုလယ်မြေများတွင် ထွန်ယက် စိုက်ပျိုးခဲ့သည်မှာ ယခုဆိုရင် နှစ်ပေါင်း (၁၀) ကျော်ရှိပြီဟု ဒေါ်ခင်ဦးရွှေက ဆက်လက်ပြောဆိုသည်။

“ကျွန်မတို့ စလုပ်စားတော့ အဲ့ဒီနေရာမှာ မြေသားတွေ မဟုတ်ဘူး။ တောတွေပဲရှိတာ။ ခုကျတော့မှ ကျွန်မတို့လည်း လက်မလျော့ချင်ဘူးလေ” ဟု သူမက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “အဲ့ဒါကတော့ အရင်အစိုးရ အဆက်ဆက်က ဖြစ်ပါလိမ့်မယ်။ ခုကတော့ မြေကစားကျက်မြေကိုးဗျ။ အေးဒီတော့ စားကျက်မြေမှာ ကျူးကျော်ထွန်ယက်တဲ့အတွက် စားကျက်မြေကျူးကျော် စိုက်ပျိုးမှုနဲ့ တရားစွဲတာပေါ့” ဟု ပြန်လည် ပြောဆိုသည်။

လွန်ခဲ့သော သြဂုတ်လ (၁) ရက်နေ့ကလည်း မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင်လည်း စားကျက်မြေ အပေါ် လယ်သမား (၉) ဦးက ကျူးကျော် ထွန်ယက်စိုက်ပျိုးသဖြင့် ရွာသားများ အကြား အငြင်းပွားမှု ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး  ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လယ်သမား (၉) ဦးအား တရားစွဲဆိုရာ မြောက်ဦးမြို့နယ် တရားသူကြီးက အမူကို လက်မခံခဲ့ဟု သိရသည်။

ကျေးရွာသားများ ဘုံပိုင် စားကျက်မြေတွင် ကျူးကျော် လယ်ယာထွန်ယက်စိုက်ပျိုးမူကို ယခင် စစ်အစိုးရ လက်ထက်တွင် သက်ဆိုင်ရာ အာဏာပိုင်များမှ သီးစားစနစ်ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် လယ်သမားအချို့မှ ဆက်လက် ထွန်ယက်စိုက်ပျိုးနေကြကြောင်း၊ ထိုသို့ စားကျက်မြေပေါ်တွင်ထွန်ယက်စိုက် ပျိုး သဖြင့် ကျွဲနွား မွေးမြူသူ လယ်သမားများမှာ စားကျက်မရှိ၍ အထူးအခက်အခဲဖြစ်ရသဖြင့်စားကျက်မြေ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ရှိ ကျေးရွာတိုင်းလိုလိုတွင် ရွာသားများ အချင်းချင်းကြားတွင် ပြသနာဖြစ်ပွားနေ ကြောင်း သိရှိရသည်။

Most read this week