ပဲခူးတိုင်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာမြေပြန်လည်ရရှိရေး လှုပ်ရှားနေသည့် လယ်သမား ကိုကျော်သူအောင် နှင့် လယ်သမားအရေး ကူညီသူ ကိုသန့်ဇင်ထက်တို့အား တရားခံပြေးအဖြစ် ထပ်မံကြေငြာ လိုက်ကြောင်း သဲကုန်းမြို့မ စခန်းမှူး ဒုရဲမှူးဇော်အောင်က မဇ္စျိမကို ပြောသည်။
“တရားရုံးစစ်နေတဲ့အချိန် မလာဘဲ တိမ်းရှောင်နေတယ်။ လောလောဆယ် တရားရုံးက သူတို့နှစ်ယောက်ကို ကျင့်ထုံးဥပဒေ ၈၇၊ ၈၈ အရ တရားခံပြေး အတည်ပြုလိုက်ပြီ” ဟု ဒုရဲမှူးဇော်အောင်က ပြောသည်။
ကိုသန့်ဇင်ထက်က ပုဒ်မ(၁၈)၊ ပုဒ်မ၅ဝ၅(ခ)တို့ဖြင့် တရားဆွဲဆိုခံထားရပြီး ကိုကျော်သူအောင်ကမူ ပုဒ်မ၅ဝ၅(ခ)ဖြင့် သဲကုန်းတရားရုံးတွင် တရားဆွဲဆိုခံထားရသည်။
၎င်းင်းတို့နှစ်ဦးကို လွန်ခဲ့သောတစ်ပတ်က သဲကုန်းတရားရုံးက တရားခံပြေးအဖြစ် ကြေငြာခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၃ ရက်ကလည်း ပုဒ်မ၅ဝ၅(ခ)ဖြင့် တရားဆွဲဆိုခံရသူ ဗကသကျောင်းသား ကိုကောင်းထက်ကျော်နှင့် လယ်သမား မခင်မာအေးကိုလည်း တရားခံပြေးအဖြစ် ကြေငြာထားသေးသည်။
သြဂုတ်လ ၁၂ ရက်တွင် နတ်တလင်းမြို့နယ် ဇီးပင်ကွင်းကျေးရွာရှိ ကိုသန့်ဇင်ထက်၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝရမ်းကဒ်ခဲ့ပြီး သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် နေထိုင်သူ ကိုကျော်သူအောင်၏ နေအိမ်သို့လည်း ဝရမ်းစာရွက်ပေးပို့ခဲ့ကြောင်း လယ်သမားအရေး ကူညီသူ ကိုကောင်းထက်ကျော်က ပြောသည်။
၂ဝ၁၁ခုနှစ်တွင် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် တပ်မ ၆၆မှ သိမ်းယူခဲ့သည့် မြောက်ဘက် ကွင်းအမှတ် ၉၂၂ နှင့် အောင်ကုန်းကျေးရွာ တောင်ဘက်ကွင်း အမှတ်၉၂၃ လယ်မြေ ၂၁၇၄ဧက နှင့် အမှတ်(၃) လယ်ယာ လက်ကား သမဝါယမမှ ငါးကန်လုပ်ငန်းများ လုပ်ကိုင်နေသည့် လယ်ယာမြေများကို ပြန်လည်ရရှိရန် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမားများက ဆန္ဒပြပွဲများ ပြုလုပ်ကာ တောင်းဆိုခြင်း၊ သပိတ်စခန်း ဖွင့်လှစ်ခြင်း၊ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခြင်း၊ ကျိန်စာတိုက်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်သည့် လယ်သမားများကို ပုဒ်မ ၁၈ဖြင့် ၃ဦး၊ ပုဒ်မ ၅ဝ၅(ခ)ဖြင့် ၉ဦး၊ ပုဒ်မ ၄၄၇ဖြင့် ၁၂ဦး တရားစွဲဆို ခံထားရသည်။
ပုဒ်မ၅ဝ၅(ခ)ဖြင့် တရားဆွဲဆိုခံရသူများဖြစ်သည့် ကိုမောင်ဝင်း၊ ကိုပေါက်စ၊ ဒေါ်ညိုတို့မှာ ပေါင်းတည် ထောင်တွင် အကျဉ်းကျခံနေရပြီး ကိုကောင်းထက်ကျော်၊ မခင်မာအေး၊ ကိုသန့်ဇင်ထက်၊ ကိုကျော်သူ အောင်တို့မှာ တရာခံပြေးအဖြစ် ကြေငြာခံထားရသည်။