နှစ်နှစ်ကျော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပြီး မရိုက်ကူးရ သေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာ လ၌ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်သည့် အခန်းနှင့် ၎င်း၏သားဖြစ်သူ အောင်ဆန်းလင်း သေဆုံးသည့် အခန်းများကို ရိုက်ကူးမည် ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် ဦးဇာဂနာက မဇ္စျိမကို ပြောသည်။
ယင်း ရုပ်ရှင်ဇာတ်ကား အတွက် သြဂုတ် ၁၇ရက်တွင် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ၎င်းတို့၏ ရုံးခန်းတွင် ရိုက်ကူးမည့် ဇာတ်ဝင်ခန်း နှစ်ခန်း အတွက် ဆွေးနွေး တိုင်ပင် ကြမည် ဖြစ်ပြီး ရိုက်ကူးမည့် ဇာတ်ဝင်ခန်းအတွက် ဆုံးဖြတ်ချက် ချပြီးပါက အခန်းစဉ် များအလိုက် ရိုက်ကူးခြင်းကို လုပ်ဆောင်ကြ မည် ဟု ဇာဂနာကပြောသည်။
" ဗိုလ်ချုပ် ဇာတ်ကား ရိုက်တာ အချိန် မကြာပါဘူး။ ဂန္ဒီကားမျိုးဆို ၁၈နှစ်လောက် ရိုက်ကြတာ။ ဒါကပြင်ဆင်ချိန်။ ကျွန်တော်တို့ အတွက် ပြင်ဆင်ချိန် နှစ်နှစ်ပဲ ရှိပေမယ့်ဒီနှစ်နှစ်အတွင်းမှာ ဖိအား တော်တော်များတယ် ။ ဘယ်သူ ဘယ်တာဝန်ယူမယ် ဆိုတာမျိုး တာဝန်တွေ ခွဲဝေ ယူကြမှာပါ။ သရုပ်ဆောင်တွေကိုလည်းလေ့ကျင့်နေပါ တယ်။ အဲဒီ အတွက် ဆက်တင်တွေ ဆောက်နေတယ်" ဟု၎င်းက ပြောသည်။
ယင်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များ၏ အဝတ်အစား ဒီဇိုင်းများကို ကြည်ဖြူသျှင် ၊ ဝေဋုကျော် နှင့် အရိုင်း တို့က ပြင်ဆင်လျက်ရှိပြီး ရိုက်ကွင်း ဆက်တင်ပိုင်းကို မင်းထင်ကိုကိုကြီးက ဦးဆောင်ကာ ဆောင်ရွက် လျက်ရှိသည်ဟု ဇာဂနာကပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာ၌ သရုပ်ဆောင်မည့် ကျော်ကျော်မျိုး နှင့် ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်မည့် ဇာခြည်လင်း တို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) မှ ဦးဆောင်ကာ လေ့ကျင့် သင်ကြား ဆောင်ရွက် လျက် ရှိသည်။
အောင်ဆန်း ရုပ်ရှင် ဇာတ်ကား အတွက် ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင် အခန်းနှင့် ၎င်းရောက်လာ ရှိလာသည့် အချိန်၌ အားလုံးက ဓားများ မိုးပြီး ကြိုဆိုသည့် ဇာတ်ဝင်အခန်း အတွက် အသုံးပြုမည့်ဓားများ ကို ပြင်ဆင်မှုများ လုပ်ဆောင်လျက်သည်။
ဇာတ်ဝင်ခန်း နှစ်ခန်း ရိုက်ကူး ပြီးစီးပါက နိုင်ငံပိုင် ရုပ်သံများတွင် ပြသပြီး ပြည်သူများ၏ အကြံပေးမှုများကို ရယူမည် ဖြစ်ကာ ယင်း အကြံပေး မှုများ မှ လိုအပ်သည် များကို ထပ်မံ ဖြည့်စွက် ရိုက်ကူး သွားမည်ဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်ခန်းများ ရိုက်ကူးပြီးသည့် အချိန်တိုင်းတွင် နိုင်ငံပိုင် ရုပ်သံများ၌ ပြသ သွားမည် ဟု ဇာဂနာကပြောသည်။
အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပါက ပြည်ပနိုင်ငံမှ ကင်မရာ ရိုက်ကူးသူနှင့် ဇာတ်ကား ရိုက်ကူးပြီးပါက ဇာတ်ဝင်ခန်းများ တည်းဖြတ်သူကို ပြည်ပနိုင်ငံမှ ခေါ်ယူမည် ဖြစ်သည်။
အောင်ဆန်း ရုပ်ရှင် ဇာတ်ကားကို ချစ်ဦးညို ၊ ဇော်သက်ထွေး ၊ မင်းထင်ကိုကိုကြီး နှင့် ကြည်ဖြူသျှင်တို့မှ ဇာတ်ညွှန်း ရေးသား ခဲ့ပြီး ဇာတ်ကား ရိုက်ကူးမှုပိုင်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၊ ဝိုင်း နှင့် မောင်မျိုးမင်း(ရင်တွင်းဖြစ်) တို့မှ ရိုက်ကူးမည် ဖြစ်သည်။