အပစ်အခတ်ရပ်စဲရေးသည် အောင်မြင်ခြင်း၊ အရှုံးပေးခြင်းတို့မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲများ ရှောရှောရှူရှူ ဖြစ်ပေါ်နိုင်ရန်သာဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သြဂုတ် ၁၂ ရက်တွင် ကျရောက်သော ကရင်အမျိုးသားများ၏ ၆၄ နှစ်မြောက် အာဇာနည်နေ့ မိန့်ခွန်းတွင် ပြောသည်။
ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးနေ့လှုပ်ရှားမှု ၆၅ နှစ်ကာလအတွင်း KNU ဥက္ကဋ္ဌ စောဘဦးကြီး အပါအဝင် မျိုးချစ်ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထု အာဇာနည်များကို အောက်မေ့ဂုဏ်ပြုသော မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌက ပြောခြင်းဖြစ်သည်။
ကရင့်အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်စိတ်ဓာတ်များကို မွေးမြူနှလုံးသွင်းကာ ၎င်းတို့၏ မျှော်လင့်ချက်၊ ပေးဆပ်မှုများအတွက် ကရင်အမျိုးသားအချင်းချင်း အကြားတွင်သာမက တိုင်းရင်းသားများ အကြား စည်းလုံးညီညွတ်မှု တည်ဆောက်ပြီး ပန်းတိုင်သို့ရောက်သည့်အထိ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ၀ုိင်းဝန်းလုပ်ဆောင်ရေး သန္နိဋ္ဌာန်ပြုကြရန်လည်း တိုက်တွန်းထားသည်။
KNU ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဖဒိုစောသီဘွဲ့ကလည်း ကရင်တော်လှန်ရေးတွင် အတွေးအခေါ်၊ အယူအဆမတူညီခြင်းကြောင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ကွဲပြားနေသော်လည်း ကရင်တစ်မျိုးသား လုံး၏ အလံတော်အောက်တွင် ရှိနေသော အဖွဲ့အစည်းများဖြစ်သကဲ့သို့ ကရင်ခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်ကိုလည်း အဖွဲ့အစည်းတိုင်း စွဲမြဲစွာ ကိုင်စွဲထားသဖြင့် စည်းလုံးညီညွတ်ကြရန် ပြောသည်။
KNU ဥက္ကဋ္ဌဟောင်း စောဘဦးကြီးက လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်၊ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်ဟူသော မူလေးချက်ကို ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။
“ယခင်ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ၊ လက်ရှိ ကျွန်တော်တို့ချီ တက်နေတဲ့ လုပ်ငန်းစဉ်တွေ ကလည်း ဥက္ကဋ္ဌကြီး စောဘဦးကြီးရဲ့ ချမှတ်ထားတဲ့မူအတိုင်း ဖြစ်တဲ့အတွက် အဲဒီမူကိုတော့ လက်မလွှတ်ဖို့ နောင်လာနောက်သားတွေကို မှာကြားချင်တယ်”ဟု ဖဒိုစောသီဘွဲ့က ပြောသည်။
KNU ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင်လည်း ကရင်တစ်မျိုးသားလုံး ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန်၊ လွတ်လပ်ခွင့် ရှိရန်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်၊ လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါနှင့်အညီ နေထိုင်နိုင်ရန်၊ အခြားလူမျိုးများကဲ့သို့ တိုးတက်ဖွံ့ဖြိုးသည့်ဘဝ ရရှိရန်နှင့် အေးချမ်းစွာနေထိုင်နိုင်ရန် ကြိုးပမ်းမည်ဟု ပါ၀င်သည်။
လက်ရှိအချိန်တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေကြပြီဖြစ်သည်။ ထိုနောက် နိုင်ငံရေးကိစ္စများကို နှစ်ဖက်စားပွဲဝိုင်းထိုင် ဆွေးနွေးရန် ရည်မှန်းထားကြခြင်းဖြစ်သည်။
KNU က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးလက်မှတ်ထိုးခဲ့သည်။