အုပ်ချုပ်ရေးမှူးကို ရိုက်နှက်စစ်ဆေးခဲ့သူ တပ်မတော်အရာရှိအား ခုံရုံးဖွဲ့ စစ်ဆေးနေ

အုပ်ချုပ်ရေးမှူးကို ရိုက်နှက်စစ်ဆေးခဲ့သူ တပ်မတော်အရာရှိအား ခုံရုံးဖွဲ့ စစ်ဆေးနေ
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် ကွမ်စိုင်ဇွပ် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီး၍ ရိုက်နှက်ခဲ့သူ တပ်မတော်အရာရှိ တစ်ဦးကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ မျက်မြင်သက်သေများနှင့်အတူ စစ်ဆေးနေပြီဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်းတပ်မတော်အရာရှိ တစ်ဦးက သြဂုတ်လ ၁၃ရက်က ပြောသည်။

သြဂုတ်လ ၁၂ ရက်က ကျေးရွာအုပ်ချုပ်ရေးမှုးကို တပ်မ(၆၆) လက်အောက်ခံ အစိုးရတပ်စခန်းမှ ဒုဗိုလ်ဆိုသူက ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ ရိုက်နှက်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“စစ်ခုံရုံးက ထင်မြင်ယူဆချက်ပေါ်မူတည်ပြီးတော့ တာဝန်ရှိတဲ့ လူအဆင့်ဆင့်ကို အရေးယူတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေကြတာပါ”ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်းအရာရှိက အတည်ပြုပြောကြားသည်။

အုပ်ချုပ်ရေးမှူး ဦးဂေါ်လူဆောင်းယိမ်းကို ဆိုင်းထရာကျေးရွာရှိ တပ်မ(၆၆) လက်အောက်ခံ အစိုးရတပ်စခန်းမှ ဒု-ဗိုလ်အောင်နိုင်ထွန်းဆိုသူက သြဂုတ်လ ၁၂ ရက် မနက် ၈ နာရီခွဲခန့်တွင် အထက်အရာရှိ ဗိုလ်မှူးက ခေါ်ခိုင်းသည်ဟုဆိုကာ အဆိုပါရွာနှင့် တစ်မိုင်ခန့်ဝေးသော ဂေါ်လူယန်ကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းရွာရှိ နေအိမ်တစ်အိမ်၏ မီးဖိုချောင်အတွင်း မေးမြန်းရိုက်နှက်ခဲ့ကြောင်း နမ့်ယားကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ ဦးနော်လီက ပြောသည်။

ရိုက်နှက်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုးမှာ မျက်လုံးနှစ်ဖက်ဖူးရောင်ခြင်း၊ ညာမျက်ခုံးနှင့် ဘယ်ဘက် ခြေသလုံးတို့တွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သင်းအုပ်ဆရာက ပြောသည်။

ဦးဂေါ်လူဆောင်းယိမ်းအား တစ်နာရီခန့်အကြာ ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် သြဂုတ်လ ၁၂ ရက်တွင် ပြန်လွှတ်ပေးခဲ့သဖြင့် ဒဏ်ရာများကို နမ့်ယားကျေးရွာသို့ သွားရောက်ကုသခဲ့သော်လည်း သက်သာခဲ့ခြင်း မရှိ၍ သြဂုတ်လ ၁၃ ရက်တွင် မြစ်ကြီးနားမြို့သို့ သွားရောက်ကုသရန် ပြင်ဆင်နေချိန်တွင် တပ်မ ၆၆ တပ်မမှူးနှင့် ကာမိုင်းဗျူးဟာမှူးတို့ ရောက်ရှိလာကာ ကာယကံရှင်အား တောင်းပန်၍ ဆေးဝါးကုသပေးရန် ဖားကန့်မြို့သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“တပ်မမှူးရော ဗျူဟာမှူးရောက ကြောက်နေတဲ့ ရွာသားတွေကို နောက်ဒါမျိုးမဖြစ်စေရပါဘူး။ သူ့လူတွေကို သူနိုင်အောင်ထိန်းပါမယ်လို့ ကတိပေးသွားပါတယ်”ဟု တပ်မမှူးနှင့်အတူ လိုက်ပါခဲ့သူ ဖားကန့်မြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးအင်ဖရောင်းဂမ်က ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်းတပ်မတော်အရာရှိက ကျေးရွာလူကြီး ရိုက်နှက်ခံရခြင်းကို သွားရောက်စုံစမ်းနေကြောင်းနှင့် ဖြစ်စဉ်မှန်ကန်လျှင် ကာယကံရှင်အား ဆေးဝါးကုသခြင်းများ ပြုလုပ်ပေးမည်ဟု အတည်ပြုပြောဆိုသည်။

သြဂုတ်လ ၈ ရက်နှင့် ၁၀ ရက်က အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တို့ ကာမိုင်းမြို့နယ် နမ့်ယားကျေးရွာအနီး စဘော်မှော်ရွာနှင့် ကပ်မှော်ချောင်းဖျားဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများဆိုင်းထရာရွာနှင့် နမ့်ယားရွာတို့တွင် တိမ်းရှောင်လျက် ရှိသည်။

ဇူလိုင်လ ၃၁ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နောင်မတာရွာအနီးတွင် အသတ်ခံရသော အစိုးရတပ်မတော်သား နှစ်ဦးနှင့် ပတ်သက်၍ စစ်တပ်က ကျေးရွာအုပ်ချုပ်သူများကို ခေါ်ယူစစ်ဆေး ရိုက်နှက်ခြင်းကြောင့် ရွာသား ၅၀၀ ကျော် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားရမှုလည်း ဖြစ်ပွားခဲ့ဖူးသည်။

Most read this week