ကယား(ကရင်နီ) ပြည်နယ်ရှိ အမျိုးသမီးများကို ငြိမ်းချမ်းရေး တည်ဆောက်သည့် လုပ်ငန်းအပေါ် စွမ်းအားဖြည့် ပါ၀င်နိုင်ရေးအတွက် ကရင်နီအမျိုးသမီးညီလာခံတခုကို လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာရှိ မောဒူဒီးဘိုး ခန်းမတွင် သြဂုတ်လ ၈ရက်နေ့မှ ၁၂ရက်နေ့အထိ ကရင်နီ အမျိုးသမီးအစည်းအရုံး (KNW0) မှ ကြီးမှူးကာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
“ဒီ Conference (ညီလာခံ) ကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ကဏ္ဍပေါင်းစုံနဲ့ ပါဝင်လာအောင် ကရင်နီအမျိုးသမီး စည်းရုံးတဲ့စွမ်းအင်နဲ့ပေါ့နော်။ ဆက်စပ်ပြီးတော့ပေါ့ ဆက်စပ်တယ်ဆိုတာ သူတို့ပညာရေး၊ ကျန်းမာရေး၊ လူမှူရေး၊ ကဏ္ဍတွေ အားလုံးကဒီစကားဝိုင်းမှာ ပါသွားဖို့ဆိုပြီးတော့ ကျမတို့တတ်စွမ်းကမျှနဲ့ ဆက်စပ်ပြီးတော့ သူတို့တွေ ပါသွားခြင်းအားဖြင့် ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတွေ ပေါ်ပေါက်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်တယ်” ဟု KNWO မှ အထွေထွေ အတွင်းရေးမှူး ဆရာမမီးမီးက ပြောသည်။
ညီလာခံ တွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။
“ဒီပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ လှုပ်ရှားနေတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေက သိပြီးတော့ သူတို့ကို တိုက်ရိုက် ကူညီမှုတွေ ပေးနိုင်အောင် နောက်ပြီးတော့မှ ငြမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ဆိုလည်းဘဲ တကယ့်ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ သူတွေ ဥပမာ ကယားပြည်မှာဆိုရင် KNPP နဲ့ အစိုးရတွေကြားထဲ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပါသွားအောင်ပေါ့နော်” ဟု ဆရာမ မီးမီးကဆိုသည်။
ထိုညီလာခံသို့ တက်ရောက်လာသည့် ဖရူဆိုမြို့နယ်မှ အမျိုးသားတစ်ဦးကလည်း “ဒီကိုလာတာ အမျိုးသမီး တွေရဲ့ တန်းတူညီမျှမှုကို ပိုပြီးတော့ သိရှိနားလည်လိမ့်မယ်လို့ ကျတော်မြင်ပါတယ်။ ကောင်းတယ်လို့ဘဲ ကျတော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအမျိုးသမီးတွေက တန်းတူညီမျှမှုဆိုတာ မရှိဘူးလေ။ ဒီလိုအမျိုးသမီး ညီလာခံကိုပြုလုပ်တာ အမျိုးသမီးတွေ တန်းတူညီမျှမှုကို ရရှိနိုင်ဖို့ဖြစ်တဲ့အတွက် တော်တော်လေးကောင်းတယ်လို့ဘဲ ကျနော်မြင်ပါတယ်” ဟုပြောသည်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNW0) မှ ကရင်နီအမျိုးသမီးညီလာခံတွင် ကောက်ယူ ရရှိလာသည့် အချက်အလက်များဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ရေးဆွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆရာမမီးမီး ဆက်ပြောသည်။
ထိုညီလာခံသို့ ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ အစိုးရအဖွဲ့များ၊ ခရိုင်လူကြီးများနှင့် မြို့နယ်(၇) မြို့နယ်မှ ကိုယ်စားလှယ်များ၊စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ပါဝင် ဆွေးနွေးကြကြောင်း သိရသည်။