တရားစွဲဆိုထားသော တပ်မြေ ကျူးကျော်ထွန်ယက်မှုကို လောပိတရဲစခန်းသို့ လွဲပြောင်း

တရားစွဲဆိုထားသော တပ်မြေ ကျူးကျော်ထွန်ယက်မှုကို လောပိတရဲစခန်းသို့ လွဲပြောင်း
by -
ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို မြို့နယ်၊ စံပြ(၆)မိုင် ကျေးရွာအုပ်စု၊ ဒေါဆိုရှေးကျေးရွာမှ တောင်သူ(၇)ဦးနှင့် စက်မှုလယ်ယာမှ စက်သမား (၃)ဦးကို ကျူးကျော်ထွန်ယက်မှုဖြင့် တရားစွဲဆိုထားသည့် အမှုကို ဒီးမောဆိုရဲစခန်းမှ လောပိတရဲစခန်းသို့ သြဂုတ်လ ၅ ရက်နေ့တွင် လွဲပြောင်းပေးလိုက်ကြောင်း သိရသည်။

“လောပိတကို ပြောင်းလိုက်တယ်။ မြေကတော့ လောပိတနဲ့ဆိုင်တယ်တဲ့။ ရွာက အခု လက်ရှိတော့ ဒီးမော့ဆိုနဲ့။ ဒါပေမယ့် ရွာဟောင်းပြဿနာခါကျတော့ လောပိတ နဲ့နီးတယ်။ သူတို့နယ်မဟုတ်လို့တဲ့ အမှုဆွဲတာ။ လောပိတအုပ်စုနဲ့ ဆိုင်တယ်ဆိုပြီးမှ ပြန်လွဲကြတာပဲ” ဟု ဒေါဆိုရှေးတောင်သူ တစ်ဦးကပြောသည်။

လက်ရှိတွင် တရားစွဲဆိုခံရသူ တောင်သူများမှာ တရားရုံးမှ ချိန်းဆိုလာမည့် အချိန်ကို စောင့်ဆိုင်နေရပြီး နေ့ရက်အတိကျကိုမူ လောပိတ ရဲစခန်းထံမှ မသိရသေးကြောင်း တောင်သူများက ဆိုသည်။

ထို့အပြင် သြဂုတ်လ (၆)ရက်နေ့တွင် အမှတ်(၃၆၀) အမြောက်တပ်မှ ကျေးရွာ ဥက္ကဌတစ်ဦး၊ လူငယ်တစ်ဦးနှင့် ကျူးကျော်ထွန်ယက်မှုတွင် ပါ၀င်သူတစ်ဦး၊ စုစုပေါင်းလူသုံးဦးကို တပ်ထဲသို့ ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်းလည်း သိရသည်။

“(၆) ရက်နေ့မှာကျတော့ တပ်ကလူက ဒီမှာလာခေါ်တယ်။ ဒီတောင်ယာကိစ္စ မပြောပဲနဲ့ ဟိုလျှပ်စစ်မီးအကြောင်းပဲ ပြောတယ်။ တောင်ယာကိစ္စ သူ့ကိုပြောတဲ့ခါကျတော့ လက်ရှိစိုက်ပြီးတဲ့ဟာပဲ ရိတ်သိမ်းပေ့ါ။ လောလောဆယ် ဒီဟာအမှုဖြစ်နေသေးလို့ ဒီဟာတွေ ဆက်လက် ထွန်၊ထယ် မစိုက်သေးနဲ့ သူတို့ပြောတယ်” ဟု ကျူးကျော်ထွန်ယက်မှုဖြင့် တရားစွဲဆိုခံရသော တောင်သူတစ်ဦးကပြောသည်။

လက်ရှိဒေါဆိုရှေ့ကျေးရွာပိုင် လုပ်ကိုင်နေသော မြေသည် ဧက(၅၀၀၀)ရှိပြီး အမှတ်(၃၆၀) အမြောက်တပ်မှ တားမြစ်ထားသော မြေ ဧက(၇၀၀) ကျော် ရှိကြောင်း သိရသည်။

ယခုတွင် ဒေါဆိုရှေးရွာမှ အမြောက်တပ်၏ တားမြစ်ထားသော မြေနေရာများတွင် စိုက်ပျိုးထားသည့် အပင်ငယ်အချို့ ပေါက်နေပြီဖြစ်ပြီး စိုက်ပျိုးရန်အတွက် ထွန်ယက်ထားသော မြေနေရာများလည်း ကျန်ရှိနေသေးကြောင်း ဆိုသည်။