ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် ကချင်အာဇာနည်နေ့တွင် ကေအိုင်အိုဥက္ကဋ္ဌ တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် ကချင်အာဇာနည်နေ့တွင် ကေအိုင်အိုဥက္ကဋ္ဌ တိုက်တွန်း
by -
မဇ္စျိမ

ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်နှင့် ရဲဘော်ရဲဘက်များအား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၃၉ နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်းတွင် တော်လှန်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြရန် ဥက္ကဋ္ဌ ဦးဇောင်းဟရာက တိုက်တွန်းလိုက်သည်ဟု KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

ပထမဆုံး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်လထော်ဇော်ဆိုင်း အပါအဝင် ခေါင်းဆောင်သုံးဦး လုပ်ကြံခံခဲ့ရသည့် ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်ကို အစွဲပြု၍ တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားသော သူရဲကောင်းများအား ရည်စူးကာ ကချင်ဘာသာဖြင့် “Share shagan Nhtoi”ဟု ခေါ်ဆိုသော အခမ်းအနားကိုဂုဏ်ပြုသော မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌရဲ့ ဂုဏ်ပြုမိန့်ခွန်း ဖတ်ကြားတယ်။ ငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြဖို့၊ တခြားတိုင်းရင်း သားတွေနဲ့ ကျွန်တော်တို့ အစည်းအဝေးတွေ လုပ်ခဲ့တယ်။ လိုင်ဇာမှာလုပ်တဲ့ အစည်းအဝေးမှာက ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံပါ၀င်လို့ ဒါက တရားဝင်အသိအမှတ်ပြုတဲ့ အစည်းအဝေး ဖြစ်တယ်။ ဒါက အောင်မြင်မှုတွေ ဖြစ်တယ်။ ကျွန်တော်တို့ အမျိုးသားရေးကို ကမ္ဘာက အသိအမှတ်ပြုပြီဆိုတာကို ထည့်သွင်း ပြောသွားတယ်”ဟု ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် မြန်မာအစိုးရသည် စစ်မှန်သည့်နည်းလမ်းဖြင့် ဆွေးနွေးရန်၊ နိုင်ငံရေးဆွေးနွေးမှုတွင်လည်း လက်နက်ကိုင် တိုင်းရင်းသားများ လိုလားချက်များကို အသိအမှတ်ပြုပြီး ဆက်လက် အကောင်အထည်ဖော်သွားရန်တာဝန်မှာ အစိုးရတွင် အဓိကရှိသည်ဟု KIO ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့ကြောင့် KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းရန်လည်း တိုက်တွန်းခဲ့သည်။

ယင်းသို့ KIO ဥက္ကဋ္ဌ မတိုက်တွန်းမီ သြဂုတ် ၆ ရက်မှစ၍ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIO တို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသဖြင့် ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌဒေါ်ဘောက်ဂျာက ပြောသည်။

သြဂုတ် ၁၀ ရက်အထိ တိုက်ပွဲဖြစ်ပွားနေသဖြင့် စဘော်မှော်တွင် လုပ်ကိုင်စားသောက်နေသူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆိုသည်။

ယင်းဒေသအနီး ကပ်မှော်ကျေးရွာ ဒေသခံတစ်ဦးက တိမ်းရှောင်နေရသည့် ဒုက္ခသည်တို့သည် ၎င်းတို့ရွာရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် မှီခိုနေရသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ အသေးစိတ်သတင်း မသိရသေးဘဲ အတည်မပြုနိုင်ဟု ဖားကန့်မြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုင်ဇာထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက်ပိုင်း တိုက်ပွဲပြန်ဖြစ်သဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဒေါ်ဘောက်ဂျာက ပြောဆိုသည်။

Most read this week