တက္ကသိုလ်တွင် အမတ်များ အတွေ့အကြံုရှင်းနေစဉ် လှုပ်ရှားခွင့်မပြုဟူသည့်စာ ပါမောက္ခတစ်ဦး ဖြန့်ဝေ

တက္ကသိုလ်တွင် အမတ်များ အတွေ့အကြံုရှင်းနေစဉ် လှုပ်ရှားခွင့်မပြုဟူသည့်စာ ပါမောက္ခတစ်ဦး ဖြန့်ဝေ
by -
မဇ္စျိမ

ဒဂုံတက္ကသိုလ်အတွင်းရှိ နားနေဆောင် (၁) တွင် လွှတ်တော်အမတ်နှစ်ဦး လွှတ်တော် အတွေ့အကြံုရှင်းနေစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် စာသင်ကျောင်းများတွင် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုကို ခွင့်မပြုဆိုသည့် စာကို တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက လာရောက် ဝေငှခဲ့သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကျင်းပသည့် လွှတ်တော်အတွေ့အကြံုရှင်းလင်းပွဲတွင် အောက်လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နှင့် အထက်လွှတ်တော်အမတ် ဦးသိန်းဆွေတို့ သြဂုတ် ၁၁ ရက်က ရှင်းလင်းနေစဉ် အဆိုပါအကြောင်းကြားစာကို ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

စာရွက်များကို “ဆရာကြီးတွေ လာပေးသွားတာ” ဟု အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်က ဆိုသည်။

၎င်း၏  ပြောဆိုချက်အရ  အဆိုပါ  ညွှန်ကြားလွှာ  စာရွက်မှာ  ၂၀၁၂ ခုနှစ်က ထုတ်ခဲ့သည့်စာဖြစ်ပြီး ထပ်မံထုတ်ပြန်တော့မည့် ရွေးကောက်ပွဲ ဥပဒေများကြောင့် အဆိုပါ ဥပဒေမှာ ပယ်ဖျက်ပြီးသားဖြစ်သည်ဟု ဆိုသည်။

“ဒီညွှန်ကြားချက်နဲ့တော့ ကျောင်းသူ၊ ကျောင်းသားတွေကို မပိတ်ပင်စေချင်ဘူး”ဟု ဦးဖြိုးဇေယျာသော်က ဆိုသည်။

လွှတ်တော်အမတ်နှစ်ဦးကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အတွေ့အကြံုများ ရှင်းလင်းရန် တက္ကသိုလ်ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဖြန့်ဝေခဲ့သည့် အကြောင်းကြားစာကို လာရောက်ဖြန့်ဝေခဲ့သူမှာ  သချင်္ာဌာနမှ ပါမောက္ခ ဦးသိန်းအောင် ဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ သချင်္ာဘာသာ ဒုတိယနှစ်မှ ကိုမင်းသုခက မဇ္ဈိမကို ပြောသည်။

“ပါမောက္ခချုပ်က ခွင့်ပြုပြီးခါမှ အထက်က ဖိအားပေးလို့ထင်တယ်။ မေဂျာပါမောက္ခက တားတယ်။ ကျွန်တော်တို့ကလည်း မှန်တာကို လုပ်တာပဲလေ”ဟု ကိုမင်းသုခက ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် လှုပ်ရှားခွင့်မပြုကြောင်း ညွှန်ကြားထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာမှာ ၂၀၁၂ခုနှစ် သြဂုတ် ၂၉ရက်စွဲဖြင့် နိုင်ငံရေးပါတီအားလုံးထံ ပေးပို့ထားသလို ပညာရေးဝန်ကြီးဌာနကိုလည်း ဖြန့်ဝေထားသည်။

အကြောင်းကြားစာတွင် နိုင်ငံရေးပါတီတစ်ရပ်ရပ်က  စာသင်ကျောင်းများတွင် ဦးဆောင်လှုပ်ရှားမှုပြုခြင်းမှာ စည်းရုံးလှုပ်ရှားသည့်သဘော သက်ရောက်နေသဖြင့် ကျောင်းသားများ စိတ်ဝမ်းကွဲပြီး ပညာသင်ကြားမှုကို အနှောက်အယှက်ဖြစ်စေနိုင်သည်ဟု ရေးသားထားသည်။