သံတွဲတွင်ကျင်းပသည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူငါးသောင်းကျော် ပါ၀င်ဆင်နွှဲ

သံတွဲတွင်ကျင်းပသည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူငါးသောင်းကျော် ပါ၀င်ဆင်နွှဲ
by -
နိရဥ္စရာ

(၅၃) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့ တွင် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူ ငါးသောင်းကျော် ပါ၀င် ဆင်နွှဲခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းအထိမ်းအမှတ်နေ့သို့ သံဃာတော်ပေါင်း (၅၃၀) ပါး ကြွရောက်ခဲ့ပြီး လူပေါင်း ငါးသောင်းကျော် ပူးပေါင်းပါ၀င်ခဲ့သည်ဟု သံတွဲမြို့ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရနှင့် မျက်မြင်များက နိရဥ္စရာသို့ ပြောသည်။

နိိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေါ်ထုတ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပုလဲရတနာ ဆရာတော်က ယခုလို မိန့်ကြားသည်။

“လိုအပ်မှုဆိုတဲ့ အချိန်တစ်ခုကို ရောက်လာပြီ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာနေ့ကို သိထားမှ ဖြစ်တော့မယ်။ ဒါက နိုင်ငံတော်က တိတိကျကျ ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်။ ဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ပျောက်ကွယ်သွားရင် နောက်နောင် ပြန်လည်ဖော်ထုတ်ဖို့ ခက်လိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားထဲမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်လို့ သိထားဖို့ လိုတယ်။ ဒီအတွက် ကျင်းပခဲ့ကြတာဖြစ်တယ်” ဟု မိန့်သည်။

နိုင်ငံတော် ဘာသာနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရဟန်တော်များကို ဒေသခံပြည်သူများက ဆွမ်းဆန် စိမ်းများ လောင်းလှူခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တော်များကို ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း၊ ယနေ့သည် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ဖြစ်နေ၍ မေတ္တာသုတ် ပရိတ်တော်ကိုလည်း စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ဒီနေ့က ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့လေ။ ဒါကြောင့် မေတ္တာသုတ် ပရိတ်တော်ကိုလည်းပဲ စုပေါင်းရွတ်ဆိုကြတယ်။ ပြီးတော့ ပွဲကို ရောက်လာတဲ့ လူတွေကို စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ ပြောကြ ဆိုကြဖို့၊ ဘယ်ပြဿနာမှ မဖြစ်စေဖို့ ဝန်းရံပြီးတော့ ဆောင်ရွက်ကြတာပါ။ လုံခြံုရေးတွေကလည်း တင်းကျပ်စွာ တာဝန်ယူပေးပါတယ်” ဟု ဆရာတော်က မိန့်သည်။

အခမ်းအနားကို သံတွဲမြို့ရှိ လေးမျက်နှာကုန်းတော် ဓမ္မာရုံတွင် နေ့လည် (၁) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ပရိတ်တရားတော်များနာကြား၍ အပြီးတွင် သံဃာတော်များက သံတွဲမြို့ စိတ္တသုခလမ်း၊ ရွှေဆံတော် ဘုရားလမ်း၊ တာဝတိ ံသာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်း၊ မဟာမြိုင်လမ်းများသို့ ကြွရောက် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များကလည်း ဆွမ်းဆန်များ၊ ဆီးမီးတိုင်၊ အမွှေးတိုင်များ အပါအဝင် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြသည်။

သံတွဲတွင် ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဤနေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် မသိမဖြစ် သိထားရမည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

Most read this week