အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ဝေါဟာရအသုံးအနှုန်း အငြင်းပွားမှုများဖြင့် ကြန့်ကြာနေမည့်အစား အများလိုလားကြသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကိုသာ ဦးတည်ဆွေးနွေးကြရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ တိုက်တွန်းမည်ဟု နိုင်ငံရေးပါတီအချို့၏ တာဝန်ရှိသူများက သြဂုတ်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အပစ်ရပ်ဆွေးနွေးပွဲတွေမှာ ဝေါဟာရတွေက အရေးကြီးလား။ ဘာကြောင့် ပြည်တွင်းစစ်တွေ ဖြစ်နေရလဲဆိုတာ စဉ်းစားရမယ်။ အဓိကက နိုင်ငံရေးဖြေရှင်းနိုင်ဖို့လိုတာ။ နိုင်ငံရေးဖြေရှင်းဖို့က တိုင်းရင်းသားတွေ တောင်းနေတဲ့ လူမျိုးအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပဲ” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့မှ ဦးအေးသာအောင်က ပြောသည်။
ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ၎င်းက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC နှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးဗဟိုဌာန၌ သြဂုတ် ၁၁ ရက်နှင့် ၁၂ရက်တွင် တွေ့ဆုံရာတွင် ယင်းကို အဓိကဆွေးနွေးရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
UPWC က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါတီများပါ၀င်နိုင်မှု အခန်းကဏ္ဍနှင့် လတ်တလောအခြေအနေ များကို နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့နေရာမှာ စကားလုံးအသုံးအနှုန်းက အရေးကြီးလား ရည်ရွယ်ချက်ခြင်းက တူနေတာကို ဘယ်အသုံးအနှုန်းသုံးသုံး အတူတူပါပဲ။ သင့်တော်တဲ့ စကားလုံးကို မြန်မြန်ရွေးချယ်ကြဖို့ ပြောချင်ပါတယ်။ ဝေါဟာရကြောင့် ငြိမ်းချမ်းရေးက ရှေ့ကို မရောက်နိုင်ဖြစ်နေတယ်” ဟု ဖက်ဒရယ်ပြည် ထောင်စုပါတီ ဒု-ဥက္ကဋ္ဌ ဦးစောသန်းမြင့်က သုံးသပ်သည်။
ထို့ပြင် ပြည်သူများကို ငဲ့ညှာသည့်အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးကို အမြန်ဆုံး ဆုံးဖြတ်နိုင်ရန် ဆွေးနွေးပွဲတွင် ပြောမည်ဟု ဦးစောသန်းမြင့်က ဆက်ပြောသည်။
သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၆၇ ပါတီကို ဖိတ်ကြားထားပြီး တက်ရောက်ဆွေး နွေးရန် ၅၆ ပါတီက တက်ရောက်မည်ဟု အကြောင်းပြန်ထားကြောင်း MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။
ထို့ပြင် သြဂုတ် ၁၄ ရက်၊ ၁၅ ရက်တို့တွင်လည်း UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC ၌ပင် တွေ့ဆုံရန်ရှိသည်ဟု မဇ္ဈိမကို ၎င်းက အတည်ပြုသည်။
ယင်းတွင် နှစ်ဖက်သဘောတူနိုင်ခြင်း မရှိသးသည့် အပစ်ရပ်စာချုပ်မူကြမ်းပါအချက် ၁၂၁ ချက်မှ ဝေါဟာရပိုင်း ဆိုင်ရာ အချက်များအပါအဝင် (၃၁)ချက်ကို အဓိကထား ဆွေးနွေးမည်ဟု ဦးလှမောင်ရွှေက ပြောသည်။
“ဝေါဟာရပိုင်းတွေပါသလို မူဝါဒပိုင်းတွေလည်း ပါပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် UWPC၊ NCCT တို့နှင့် နိုင်ငံရေးပါတီများ သြဂုတ် ၁၈ ရက်တွင် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားသည်ဟု ဦးလှမောင်ရွှေက ပြောသည်။ ယင်းကြောင့် တစ်ပတ်ကျော်အတွင်း ရန်ကုန်မြို့ ငြိမ်းချမ်းရေးဗဟိုဌာန၌ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ သုံးခု ပြုလုပ်ရန် ရှိနေသည်။