ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ကူညီသည့်ကာလ ထပ်တိုးရန် အီးယူနှင့် နှစ်ဖက် ဆွေးနွေးလျက်ရှိ

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ကူညီသည့်ကာလ ထပ်တိုးရန် အီးယူနှင့် နှစ်ဖက် ဆွေးနွေးလျက်ရှိ
by -
မဇ္စျိမ

အီးယူ (ဥရောပသမဂ္ဂ)က ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကာလကို ထပ်မံ တိုးမြှင့်ရန် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီက သြဂုတ် ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ထပ်တိုးမယ့်အချိန်တော့ အတိအကျ မသိရသေးဘူး”ဟု ဦးဘိုနီက ဆိုသည်။

Myanmar-Police-training-by-EU

အီးယူက ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ပြုပြင်ပြောငး်လဲရေးဆိုင်ရာ သင်တန်းပို့ချမှုကို ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို တိုက်ရိုက်ပို့ချထားပြီး ဆင့်ပွားသင်တန်းများကိုမူ ရဲတပ်ဖွဲ့ဝင်အားလုံး၏ တစ်ဝက်နီးပါးအထိကို ပို့ချပေးထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

ဥရောပသမဂ္ဂ (အီးယူ)က ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅၊ မတ်လအထိ ၁၈ လကြာမြင့်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစီမံကိန်းအတွက် ယူရို ၁၀သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်)ကို အသုံးပြုသွားမည်ဟု ဖေဖော်ဝါရီ ၂၀ တွင် ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက “ရဲတွေ အောက်ခြေကို ပြောင်းတာ ဟုတ်ပေမယ့် အပေါ်က ချုပ်ကိုင်မှုတွေ ရှိနေတာကို လျှော့ချရမယ်”ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီတို့က သြဂုတ် ရ ရက်နှင့် ၈ ရက်တွင် ပြည်သူ့ ဗဟိုပြု ရဲလုပ်ငန်းများ၊ ပြည်သူလူထုကာကွယ်ရေးလုပ်ငန်းများ၊ ခေတ်နှင့် မလျော်ညီသည့် ရဲဥပဒေများကို ပြင်ဆင်ရေးလုပ်ငန်းများ၊ ရဲတပ်ဖွဲ့ဝင်များ၏ လစာ နှင့် အခွင့်အရေးခံစားခွင့်၊ တာဝန်နှင့် ကျင့်ဝတ်တို့ကို ဆွေးနွေးခဲ့ကြသေးသည်။

“ရဲတွေ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ဆိုတာကို နိုင်ငံတော်သမ္မတကြီးက စခဲ့တဲ့အတွက် အထက်အဆင့်တွေ အားလုံးက ပြုပြင်ပြောင်းလဲရေးကို လိုလားလို့ လုပ်နေကြတာပါ”ဟု ရဲမှူးချုပ် သူရဘိုနီက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူ့ဝန်ဆောင်မှု ရဲတပ်ဖွဲ့အဖြစ်သို့ ပြောင်းလဲနေခြင်းဖြစ်သဖြင့် ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိသည်များကို တာဝန်ရှိသူများ၏ ညွှန်ကြားချက်အရ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

အီးယူသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်၊ လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်း အပိုင်းများ ရဲတပ်ဖွဲ့၏ အုပ်ချုပ်ရေးနှင့် တာဝန်ယူမှုစသည်တို့ကို ပြုပြင်ပြောင်းလဲရေးကာလအတွင်း သင်တန်းပေးနေခြင်းဖြစ်သည်။

Most read this week