လူ ၁၃ ဦး သေဆုံး ခဲ့သော ယာဉ် မီးလောင်မှု တရား ဥပဒေ ဝန်ဆောင်မှု မရှိသေး

လူ ၁၃ ဦး သေဆုံး ခဲ့သော ယာဉ် မီးလောင်မှု တရား ဥပဒေ ဝန်ဆောင်မှု မရှိသေး
by -
သျှမ်းသံတော်ဆင့်

နေပြည်တော် အမြန်လမ်း တွင် လူ (၁၃) ဦးသေဆုံးခဲ့သော တောင်ပြာတန်း Express ယာဉ်မီးလောင်မှုဖြစ်စဉ် တွင် သေဆုံးသွား သူများအတွက် မျှတသော တရား ဥပဒေ ဝန်ဆောင်မှု  ဆောင်ရွက် ပေးရန် နိုင်ငံတော် အစိုးရထံ အကြိမ်ကြိမ် တောင်းဆို တင်ပြ ခဲ့သော်လည်း ယနေ့တိုင် လက်တွေ့ ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း တောင်ကြီးမြို့  ဒေသခံ သေဆုံးသူ အသိုင်း အဝိုင်းများက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလက တောင်ပြာတန်း Express ယာဉ်မီးလောင်မှုကြောင့်သေဆုံးသူ ၁၃ ဦးတွင် တောင်ကြီးဒေသခံ  ၆ ဦးပါ၀င်သည်။

Lwin pyin

သေဆုံးသူများအား မျှတသောတရားဥပဒေဝန်ဆောင်မှုရရှိစေရေးအတွက် ကျန်ရစ်သူမိသားစုဝင်များက မေလ ၁၅ ရက်နေ့တွင် နိုင် ငံတော် သမ္မတဦးသိန်းစိန်ထံသို့လည်းကောင်း ဂျူလိုင်လ ၂၈ ရက်က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေ မန်း ထံလိပ်မူ၍ သော်လည်းကောင်း သျှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် သျှမ်းပြည် နယ် လွှတ်တော်ဥက္ကဌ ထံသို့လည်းကောင်း စာတင်ခဲ့သော်လည်းအရေးယူဆောင်ရွက်မှုများမရှိ သေးကြောင်း  သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ သေဆုံးခဲ့ရသည့်အပြင် ပါသွားသည့်ပစ္စည်း များလည်းဆုံးရှုံး ခဲ့ရကြောင်း၊ သို့သော် ယာဉ်လိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များက သေဆုံးသူ၏ မိသားစုများကို လာရောက်ဆက် သွယ်ပေးမြန်းခြင်းမရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“ တောင်ပြာတန်းက တာဝန်ရှိသူတွေဆိုတာက အသုဘတောင်မလာပါဘူး။ သူတို့ကိုလည်း ဒီနေ့အထိ မတွေ့ဖူးပါဘူး။ ဘယ်တာဝန်ရှိသူတွေကမှ ယာဉ်လိုင်းကိုအရေးယူတာမျိုးလည်း မရှိဘူး ။ ဆုံးရှုံးရှုံးတွေထဲမှာ လူကိုဆုံးရှုံးလိုက်ရတာ အကြီးမားဆုံး ဆုံးရှုံးမှုဘဲ ” ဟု သေဆုံးသူမိသားစုဝင်တစ်ဦးကပြောကြားခဲ့သည်။

တောင်ပြာတန်းယာဉ်လိုင်းဘက်ကလည်း ၄င်းတို့အနေဖြင့် သေဆုံးသူများအား လျော်ကြေးငွေ သီးသန့်အနေဖြင့် တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်း ၊ ဒဏ်ရာရရှိသူများအား တစ်ဦးလျှင်(၅) သိန်းပေးအပ်ရန်ကမ်းလှမ်း ခဲ့ဖူးကြောင်း ပြောဆိုသည်။

“ တောင်းပန်တယ်ဆိုတဲ့ကိစ္စက ဦးစာပေး အနေနဲ့ သေ ဆုံးသူတွေရဲ့ကိစ္စ၊ ဒဏ်ရာရသူတွေရဲ့ ကိစ္စ အရင်လုပ် ပေးရတာပေါ့။အချိန်နဲ့တစ်ပြေးညီမတောင်းပန် နိုင်ခဲ့တဲ့အပိုင်းတွေရှိတယ် နောက်ပိုင်းမှာအားလုံးကို တောင်ပြာ တန်းကနေ တောင်းပန်ပေးတယ် ။သို့သော် တချို့ မိ သားစုဝင်တွေကတောင်းပန်းတာကို ကြည်ကြည်ဖြူဖြူ လက်ခံပေးတာရှိသလို တချို့မိသားစုဝင်တွေက တောင်းပန် စကားပြောဖို့အခြေအနေတောင်မပေးတာ တွေလည်းရှိပါတယ် ” ဟု တောင်ပြာတန်းယာဉ်လိုင်း ဥက္ကဌ ဦးစိုင်းအောင်ကျော်ဦး မှရှင်းပြခဲ့သည်။

ဂျူလိုင်လ(၃၁) ရက်က တောင်ကြီးမြို့ ၊ဗိုလ်ချုပ်လမ်း၊ သစ်တောရပ်ရှိ  မြန်မာ့အာမခံလုပ်ငန်းရုံးခွဲ တွင်တောင်ပြာ တန်း ယာဉ်လိုင်းမှ လိုက်ပါ သေဆုံးသွားသောခရီးသည်(၇)ဦး အတွက်ခရီးသွား အာမခံကြေး(ငွေတစ်ရာကျပ်)အတွက် တစ်ဦး လျှင်ငွေကျပ်( ဆယ်သိန်း) နှင့် သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေး တစ်ဦးလျှင်ငွေကျပ် (ငါး)သိန်း ပေးအပ်သော အခမ်းအနားတစ်ရပ်ကျင်း ပခဲ့သည်။ ၂၀၀၃ ခုနှစ် မှစ၍ခရီးသွား အာမခံကြေးအဖြစ် လက်မှတ်တစ်စောင်လျှင် ငွေကျပ် (၁၀၀)နှုန်း အာမခံကြေးထားရှိပြီးဖြစ်သည်။

၂၀၁၄  မေလ ၈  ရက်နေ့ကစပြီးအထုူးခရီးသွားအာမခံ ကြေးအဖြစ် ငွေ ကျပ် (၃၀၀) နှုန်းဖြင့် ကျပ်သိန်း (၃၀)  အကျိုးခံစားခွင့်ရရှိပြီဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်တာဝန်ခံ ဒေါ်အေးအေးမော် ကရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၄   ဧပြီ် ၁၂ ရက်နေ့က တောင်ကြီး- ရန်ကုန် ခရီးစဉ်ဖြင့် မောင်းနှင်လာသော တောင်ပြာတန်း Express ယာဉ် သည်ရန်ကုန်-နေပြည်တော်အမြန်လမ်းမပေါ်ရှိဖြူးမြို့နယ်  မိုင်တိုင်အမှတ် ၁၁၆ ၊၂/၃ တွင် ယာဉ်ငယ်တစ် စင်းအား နောက်မှဝင်တိုက်မိပြီးမီးလောင်ကျွမ်း မှုုဖြစ်ပွားရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် တောင်ပြာတန်း Express ယာဉ်မှ လူ(၇) ဦး နှင့် နောက်မှဝင်တိုက်ခံရ သောယာဉ်ငယ် (ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန )မှ  (၆)ဦး စုစုပေါင်း (၁၃)ဦးသေဆုံးခဲ့သည်။

Most read this week