အစိုးရက ဖိတ်ခေါ်သော်လည်း ရခိုင်သို့ ပြန်ဝင်ရန် MSF အကြောင်းမပြန်သေး

အစိုးရက ဖိတ်ခေါ်သော်လည်း ရခိုင်သို့ ပြန်ဝင်ရန် MSF အကြောင်းမပြန်သေး
by -
မဇ္စျိမ

ရခိုင်ပြည်နယ်တွင် အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အစိုးရက နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ဖိတ်ခေါ်ထားသော်လည်း လဝက်ခန့်ကြာသည်အထိ ဆက်သွယ်လာခြင်းမရှိသေးဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က သြဂုတ် ရ ရက်တွင် ပြောသည်။

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က MSF ကို ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ဇူလိုင်၂၃ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်၍ ဖိတ်ခေါ်ထား ခြင်းဖြစ်ပြီး ၁၅ ရက်ကြာမြင့်သည်အထိ အကြောင်းမပြန်ခြင်း ဖြစ်သည်။

A-refugee-children-in-Rakhine

“သူတို့ ပြန်ဝင်မယ်ဆိုရင် ဒီမှာရှိတဲ့ ECC အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးမှ လက်ခံမှာပါ။ ခုထိတော့ ဘာမှ အကြောင်း မကြားသေးပါဘူး”ဟု ဦးဝင်းမြိုင်က ပြောသည်။

MSF သည် ရခိုင်ပြည်နယ်သို့ ပြန်ဝင်ကာ အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MOU ပြန်လည်ရေးထိုးရမည် ဖြစ်သည်။

ထို့ပြင် ပြည်နယ်အစိုးရကျန်းမာရေးဝန်ကြီးဌာန၊ အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ECC တို့နှင့် ထပ်မံဆွေးနွေးရမည်ဖြစ် သည်ဟု ဦးဝင်းမြိုင်က ပြောသည်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSF နှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို ပြန်လည်ဖိတ်ခါ်ခဲ့သော်လည်း ဒေသခံများသည် ကန့်ကွက်ဆဲဖြစ်သည်ဟု အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ဝင် ဦးသာပွင့်က ပြောသည်။

“ပြည်နယ်အစိုးရက ဖိတ်ခေါ်တာ ပြည်သူတွေရဲ့သဘောဆန္ဒမပါဘူး။ ဒါကို အစိုးရသိအောင်လည်း ပြောထားတယ်။ဒီအဖွဲ့ကို ပြန်လည်လက်ခံဖို့ ဒီဘက်မှာလည်း သဘောထားကွဲလွဲနေတုန်း”ဟု ဦးသာပွင့်က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကမူ MSF ကို ပြန်လည်ဖိတ်ခေါ်ခြင်းသည် နိုင်ငံတကာမျက်နှာစာတွင် ဝေဖန်ခံနေရခြင်းနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ခြင်းများကြောင့်ဖြစ်သည်ဟု ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

MSF အဖွဲ့ကမူ အစိုးရ၏ကမ်းလှမ်းမှုကို စောင့်ကြည့်ဦးမည်ဟု ထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီး ရခိုင်တွင် အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ယနေ့အချိန်တွင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဟုသာ ဖြေသည်။

MSFအဖွဲ့သည် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး မောင်တောမြို့နယ် ဒုချရားတန်းဖြစ်စဉ်တွင် သတင်းမှားထုတ်လွှင့်သည်ဟုဆိုကာ ရခိုင်ပြည်နယ်မြို့နယ် ၁၀ ခုကျော်က ကန့်ကွက်ဆန္ဒပြခဲ့သည်။

Most read this week