တစ်နိုင်ငံလုံးနီးပါး ကောက်ခံခဲ့သည့် အခြေခံဥပဒေပါပုဒ်မ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်များကို လာမည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။
၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်များကို ၂၀၁၄ခုနှစ်၊ မေလ၂၇ ရက်မှ ဇူလိုင်၁၉ရက်အထိ ခရိုင် ၆၀ မှ မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ကောက်ခံခဲ့သည်။ လက်ရှိတွင် လက်မှတ်ပေါင်း ၄ ဒသမ ၉သန်းအထိရရှိခဲ့သည်ဟု သြဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ဒီစက်တင်ဘာ လုပ်မယ့်လွှတ်တော်မှာ တင်မယ်ပြောတယ်၊ ကျန်တာတွေ တော့ရှိသေးတယ်။ အဲဒါတွေနဲ့ ပေါင်းရင်တော့ ငါးသန်းလောက်ရမှာပါ။ အဲဒါတွေနဲ့ပါ ပေါင်းပြီးတင်မှာပါ”ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင် ရွက်မှုမှ ရရှိလာသည့် ပြည်သူငါးသန်းတို့၏ ဆန္ဒပြုချက်လက်မှတ်များကို သမ္မတနှင့်လွှတ်တော်ထံတင်သွင်းပါက ပြည်သူများ၏ဆန္ဒအား အလေးထားရန်လိုအပ်သည်ဟု နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားပါတီတချို့က သုံးသပ်ကြသည်။
“ပုဒ်မ ၄၃၆ ကို ပြင်မှာပဲ။ ပြင်သင့်တဲ့ဟာတွေကို ပြင်မှာပါ။ လွှတ်တော်ကတော့ မပြင်သင့်တာကိုတော့ ပြင်မှာ မဟုတ်ပါဘူး”ဟု မကွေးတိုင်းဒေသကြီး အမှတ် ၁၂ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၃၁ ဦးပါ၀င်သည့် ကော်မတီဖွဲ့စည်းကာ ဆောင်ရွက်နေပြီး ပြင်ဆင်သင့်သည့် အချက်အလက်များကို၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် အပြီးပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။