ရှမ်းမြောက်တွင် ထိုးစစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီးက အစိုးရအား တိုက်တွန်းရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို

ရှမ်းမြောက်တွင် ထိုးစစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီးက အစိုးရအား တိုက်တွန်းရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ်အတွင်း အစိုးရတပ် ထိုးစစ်ဆင်ခြင်းများကို မကြာမီ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အနေဖြင့် ရပ်တန့်ခိုင်းရန် ရှမ်းလူမှု အခြေပြု အဖွဲ့အစည်းများက သြဂုတ်လ ရရက် နေ့စွဲဖြင့် အိတ်ဖွင့် ပေးစာပို့ကာ တောင်းဆိုလိုက်သည်။

နေပြည်တော်တွင် သြဂုတ်လ ၁ဝ ရက်၌ ကျင်းပမည့် ASEAN Regional Forum – ARF အစည်းအဝေး တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား ပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ရှမ်းလူမှုအဖွဲ့အစည်းများက သွားရောက် ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဖြစ်နေတာက ၁ လကျော်ပြီ။ ခုထိ ရွာသားတွေ အိမ်မပြန်ရသေးဘူး။ စပါးစိုက်တဲ့အချိန် စပါးလည်း မစိုက်ရဘူး၊ လယ်ပစ်၊ အိမ်ပစ်နဲ့ ဘုန်းကြီးကျောင်းမှာ နေနေရတယ်။ သူတို့က အိမ်ပြန်ချင်တယ်။ စစ်တပ်က ရွာက ထွက်ခွာပေးဖို့၊ သူတို့ကို ကူညီ စာတင်ပေးပါလို့ တောင်းဆိုတယ်”ဟု ရှမ်းလူမှုအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟာန်ဖက မဇ္စျိမကို ပြောသည်။

ဂျွန်ကယ်ရီအနေဖြင့် နေပြည်တော် ရောက်ရှိချိန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ရရှိလာရေးအတွက် ရှမ်းပြည်နယ် အပါအဝင် အခြား တိုင်းရင်းသားဒေသများတွင် အစိုးရ၏ စစ်ဆင်နေမှုများ ရပ်တန့်ပြီး တပ်များ ဆုတ်ခွာပေးရေးအား ပြောဆိုပေးရန် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ရှမ်းပြည််နယ်မြောက်ပိုင်း ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်းမြို့နယ်များတွင် အစိုးရ စစ်တပ်အင်အား ၃ဝဝဝ ဖြန့်ချထားပြီး  လက်နက်များ ပစ်ခတ်မှုကြောင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်မှုများရှိနေသည်ဟု အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ နယ်မြေအနီး တာဖာဆောင်ကျေးရွာကို အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် တာဖာဆောင်ကျေးရွာသား ၃ဝဝ ကျော် ၎င်းတို့ ကျေးရွာမှ ၂ မိုင်ခန့် အကွာအဝေးရှိ ဝမ်ဝပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ယနေ့ထိ ခိုလှုံနေဆဲ ဖြစ်သည်။

“စစ်တပ်က အင်အားဖြည့်တာမက လက်နက်ကြီး ၁၂ဝ၊ ၁၅ဝ mm တွေလည်း သယ်သွားတယ်။ အဲဒါကြောင့်မို့ စစ်ရေးအခြေအနေ ပြန်တင်းမာမဲ့ အခြေအနေရှိတယ်။ အခုက တာဖာဆောင်ရွာသားတွေကို မောင်းထုတ်တယ်။ ပေးမနေဘူး။ ဒုက္ခသည်ကျောင်းသား ၁ဝဝ ကျော်ရှိတယ်”ဟု သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ ၈ ရက်က SSPP/SSA က နေပြည်တော်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-က္ကဋ္ဌ ဦးသိန်းဇော်နှင့် စစ်ရေးလျော့ချရေးအတွက် တွေ့ဆုံခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဦးသိန်းဇော်က SSPP/SSA ကို တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးရန် ပြောဆိုခဲ့မှုကို ပယ်ချခဲ့သည်။

ယင်းအပြင် အိတ်ဖွင့်ပေးစာ၌ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရတို့ စစ်ရေးပူးပေါင်း လုပ်ဆောင်ခြင်းကိုလည်း ရပ်ဆိုင်းရန် ထိုသို့ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်မည် ဆိုပါက အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပြီးမှသာ ပူးပေါင်း လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းပြောဆိုသည်။

ပြည်တွင်းပြည်ပရှိ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့၏ တောင်းဆိုသော အိတ်ဖွင့်ပေးစာကို သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့များထံသို့လည်း ပေးပို့လိုက်သည်ဟု သိရသည်။

Most read this week