သြဂုတ် ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မိုဘိုင်းဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည့် Application ကို ရေးဆွဲပြီးဖြစ်ပြီး အခမဲ့ဒေါင်းလုပ်ရယူနိုင်ရန်အတွက် မျှဝေ ပေးထားပြီး ဖြစ်သည်ဟု အဆိုပါ APP ကို ရေးဆွဲသူ ဒေါ်ထားထားစောလွင်က မဇ္ဈိမကို ပြောသည်။
ဒေါ်ထားထားစောလွင်က “ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် မိုဘိုင်း APP ကို ရေးဆွဲပြီး အွန်လိုင်းမှာ အခမဲ့ မျှဝေထားပါတယ်”ဟု ဆိုသည်။
အဆိုပါ App သည် 2.5 MB ပမာဏရှိမည်ဖြစ်ပြီး ရှစ်လပိုင်း ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်တွင် “ကမ္ဘာ မကြေဘူး” အစချီသည့် သီချင်းသံအလိုအလျှောက် ထွက်ပေါ်လာစေရန် ရေးဆွဲထားသည်ဟု ၎င်းက ဆိုသည်။ မိုဘိုင်း APP ကို ထည့်သွင်းပြီးပါက နောက်ကွယ်တွင် အလုပ်လုပ်နေမည် ဖြစ်သဖြင့် Memory Cleaner ကို အသုံးပြု မည်ဆိုပါက ယင်း App ကို ထည့်သွင်းရှင်းလင်းခြင်းမပြုရန် လိုအပ်သည်ဟု ဆို သည်။
ဒေါ်ထားထားစောလွင်က “ရှစ်လေးလုံး App က 7July လိုပဲ နောက်ကွယ်မှာ Run နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် App ကို သွင်းထားပြီး Memory Cleaner သုံး တယ်ဆိုရင် ဒီ App ကို မရှင်းပစ်ဖို့ လိုပါတယ်။ 7July တုန်းက တချို့အသံမထွက်ဘူးဆိုတာလည်း ဒါကြောင့်ပါ”ဟုဆိုသည်။
ယင်း App ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး ဒေါ်ထားထားစောလွင်က “ 7July ပြီးကတည်းက ဒီ APP ကို ရေးဆွဲခဲ့တာပါ။ ဝေဖန်မှုတချို့ ရှိတဲ့အတွက် မတင်သေးဘဲ ထားခဲ့တာပါ။ နည်းပညာသမား တစ်ဦးရဲ့ စိတ်ကူးတီထွင်မှုကို ဘာသာရေး၊ နိုင်ငံရေး တံဆိပ်မကပ်စေချင်ပါဘူး။ နည်းပညာလို့ပဲ သဘောထားဖို့ ပြောချင်ပါတယ်”ဟု ၎င်း၏အမြင်ကို ထုတ်ဖော်ပြောသည်။
အဆိုပါအက်ပလီကေးရှင်းကို ဒေါင်းလုပ်ရယူလိုပါကhttps://play.google.com/store/apps/details?id=com.mm.mm8888 တွင် ရယူနိုင်မည်ဖြစ်သည်။ ဒေါ်ထားထားစောလွင်သည် 7July၊ Oore-doo Service၊ 8.8.88 စသည့် Android မိုဘိုင်း App များကို ရေးဆွဲထားပြီး Android App ရေးသားနည်း စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။