စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံနေရသော ကလေးငယ်တွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်နေခြင်းမှာ မမှန်ကန်ကြောင်း ဆေးမတည့်၍ (Stevens Johnson) အရေးပြားရောဂါပုံစံကဲ့သို့ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိုးထွန်းအောင်က မဇ္စျိမကို သြဂုတ်လ ၅ ရက်က ပြောသည်။
"အီဘိုလာဗိုင်းရပ်စ် မဟုတ်ပါဘူး။ ဆာလဖာပါတဲ့ ဆေးတွေစားမိတဲ့အတွက် မီးလောင်ဒဏ်ရာတွေလို ဖြစ်တာပါ။ အရေပြားရောဂါပုံစံ နုတ်ခမ်းတွေ၊ မျက်စိတွေ၊ ကိုယ်အင်္ဂါတွေမှာ ဖြစ်ကြတာပါ။ မတည့်တဲ့ ဆေးထိုးမိလို့လည်း မဟုတ်ပါဘူး။ ဆေးနဲ့မတည့်တာပါ။ တစ်ချို့လူတွေက ပင်နီဆလင် နဲ့ မတည့်သလိုမျိုးပါ"ဟု စစ်တွေမြို့ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာဦးတင်ဟိန်းဇော်က ရှင်းပြသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ဆေးရုံတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက် နေသည်ဆိုသော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံအချို့ ဖေ့ဘွတ်လူမှုကွန်ယက်များတွင် ပျံ့နှံ့လျှက်ရှိပြီး ကလေးငယ်မှာ အဆိုပါရောဂါကြောင့် မျက်စိပင်မမြင်ရတော့ကြောင်း ရေးသားထားသည်။
အမှန်က ကလေးငယ်မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကမ်းနီကျေးရွာမှ အသက် ၆ နှစ်အရွယ် မောင်ကျော်လင်းနိုင်ဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှ နေမကောင်းဖြစ်၍ စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး ယခုအခါ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လျှက်ရှိသည်ဟု ဒေါက်တာ တင်ဟိန်းဇော် က ပြောသည်။
"မျက်စိလည်း မကန်းပါဘူး။ အခု ပြန်လည်ကောင်းမွန်နေပါပြီ " ဟု ၎င်းဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ဇူလိုင်လအတွင်းက ကျူးလက်(စ်)ခြင် ကိုက်ခံရခြင်းတို့ကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ စစ်တွေ၊ ပေါက်တောမြို့နယ်များရှိ ကျေးရွာများမှ အသက် ၅လ မှ ၁၃ နှစ်အရွယ်ရှိ ကလေးငယ်များတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးခဲ့သည်။ ထိုရောဂါခံစားနေရသည့် လူနာအရေအတွက်ကိုလည်း ထိန်းထားနိုင်ကြောင်းသိရသည်။
" ဂျပန်ဦးနှောက်ရောင်ရောဂါကိုလည်း ထိန်းထားနိုင်ပါပြီ။ မြို့နယ်အလိုက်မှာ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါပြီ" ဟု စစ်တွေမြို့ ဆေးရုံအုပ်ကြီးကဆိုသည်။