ကျောက်ဖြူအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် ပါဝင်သူ ၁၉ ဦး သုံးရက်ကြာအထိ ပြန်မတွေ့သေး

ကျောက်ဖြူအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် ပါဝင်သူ ၁၉ ဦး သုံးရက်ကြာအထိ ပြန်မတွေ့သေး
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ရေပိုင်နက်တွင် သြဂုတ် ၂ ရက်က နစ်မြုပ်ခဲ့သော ငါးဖမ်းစက်လှေတွင် ပါဝင်ခဲ့သည့် ရေလုပ်သား ၁၉ ဦးကို သုံးရက်ကြာသည်အထိ မတွေ့သေးဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်က မဇ္စျိမကိုပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် နှင့် ရမ်းဗြဲမြို့နယ် အကြားတွင် ရေလုပ်သား ၂၅ ဦးပါ ဝင်သော အဏ္ဍဝါမင်း (၉) ငါးဖမ်းယဉ် နစ်မြုပ်ခဲ့ပြီး ၆ ဦးကို ယင်းနေ့တွင် ပြန်လည် ကယ်တင်ခဲ့နိုင်သော်လည်း ကျန် ၁၉ဦးကိုမူ မတွေ့ရှိသေးဟု ဦးစိုးမြင့်က ဆိုသည်။

“ပြန်တွေ့တဲ့ သူတွေကို ကျောက်ဖြူ ခရိုင်ငါးဦးစီးဌာန မှာ စောင့်ရှောက်ထားတယ်၊ ကယ်ဆယ်ရေးတွေကတော့ လုပ်နေတုန်းပဲ”ဟု ဦးစိုးမြင့်က ပြောသည်။

အဆိုပါ ငါးဖမ်းသင်္ဘောနစ်မြုပ်ချိန်တွင် အနီးရှိ ငါးဖမ်းသဘောင်္တစ်စီးက တွေ့ရှိ၍ ချက်ချင်းကယ်တင်နိုင်ခဲ့ခြင်း သာ ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနက သတင်းရရှိချိန်မှ စ၍ ကယ်တင်နိုင်ခြင်း မရှိသေးဟုဆိုသည်။

“မုန်တိုင်း နဲ့ ပင်လယ်ပြင်မှာ ရှိတဲ့ အန္တရာယ်ကို ဒီဘက်က သင်္ဘောတွေ လေးစားလိုက်နာမှုအားနည်းတယ်၊ သိပ်မကြောက်ကြဘူး" ဟု ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ညွှန့်ကဆိုသည်။

ငါးလုပ်ငန်းဦးစီးမှူး၏ ပြောပြချက်အရ ယခုနစ်မြုပ်ခဲ့သည့်သင်္ဘောမှာ ကမ်းဝေး ငါးဖမ်းသင်္ဘောဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကမ်းဝေးငါးဖမ်းမှု မရှိသည့်အတွက် အခြားဒေသမှ လာရောက်သည့်သင်္ဘောဖြစ်နိုင်သည်ဟု ဆိုသည်။

Most read this week