မန္တလေးပဋိပက္ခ တရားစွဲခံထားရသူ ဖွဲ့စည်းပုံပါ အခွင့်အရေး မရဟု ပြော

မန္တလေးပဋိပက္ခ တရားစွဲခံထားရသူ ဖွဲ့စည်းပုံပါ အခွင့်အရေး မရဟု ပြော
by -
မဇ္စျိမ

ပြီးခဲ့သည့် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ ဖြစ်ပွားစေသည့် လိမ်လည်တိုင်တန်းသူဟု စွပ်စွဲခံရသူ လေးဦးအနက် တစ်ဦးဖြစ်သူ ဦးရဲထွဋ်က ၎င်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ ပါ အခွင့်အရေးများကို မခံစားရကြောင်း သြဂုတ် ၄ ရက်နေ့ ပျဉ်းမနားတရားရုံး၌ ရုံးထုတ်အပြီး မီဒီယာများကို အော်ဟစ်ကာ ပြောကြားသွားခဲ့သည်။

၎င်းက “ဘာအခွင့်အရေးမှ ကျွန်တော်တို့ကို မပေးဘူး။ ဘာမှ အခွင့်အရေး မရဘူး။ အကုန်လုံး ဆုံးရှုံးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ အရလည်း ကျွန်တော်တို့ကို ဘာမှအခွင့်အရေး မပေးဘူး။ အခုက ဘယ်သူ လုပ်နေတယ်ဆိုတာကို အကုန်လုံး သိကြတယ်။ ဒါနဲ့ ပက်သက်လို့ ကျွန်တော်တို့ ထိုးကျွေးခံရတယ်”ဟူ၍ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခွင့်ဟု ရေးသားဖော်ပြထားသည်။ ၎င်းအပါအဝင် ဒေါ်နုနုမြတ်၊ မဖြူဖြူ မင်း(ခ) ကတုံးမနှင့် ဦးထွန်းထွန်းတို့ လေးဦးအား ၁၉၅၀ အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မ ၅(ည)၊ (ဃ)၊ (င)တို့ဖြင့် တရားစွဲဆိုထားသည်ဟု ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးအောင်သူရိန်ထွန်းက ပြောသည်။

ရှေ့နေဦးအောင်သူရိန်ထွန်းက “ပုဒ်မ က ၅(ည) ပါမယ်။ (င) ပါမယ်။ (ဃ) ပါမယ်။ ဆွဲတာက ဒေါ်နုနုမြတ်၊ မဖြူဖြူမင်း (ခ) ကတုံးမ၊ ဦးရဲထွဋ်နှင့် ဦးထွန်းထွန်းတို့ကို ရုံးထုတ်ခြင်းဖြစ်ပါတယ်။ တရားခွင်မှာ စစ်ဆေးတာကို ကျွန်တော်တို့ ပြောခွင့်မရှိဘူး။ တရားလိုဘက်က သက်သေနှစ်ဦးကို စစ်တယ်”ဟု တတိယအကြိမ်မြောက် ရုံးထုတ်အပြီး ပြောသည်။

၎င်းတို့အား ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က တရားလိုပြုလုပ်၍ ရှေ့နေချုပ်ရုံး၏ အကြံပြုချက်ဖြင့် သြဂုတ်လ ၁ ရက်က အထက်ပါပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လီဆယ်တိုင်ကြားသူ မဖြူဖြူမင်း(ခ) ကတုံးမနှင့် ဒေါ်နုနုမြတ်တို့အား ပျဉ်းမနားမြို့မရဲစခန်းက လီဆယ်တိုင်ကြား ခဲ့သည့်အတွက် ပ ၃၁၂၊ ၂၀၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁၀၉ လီဆယ်မှုများဖြင့် စသည့်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားပြီးလည်းဖြစ်သည်။

၎င်းက “စစ်ဆေးတဲ့နေရာမှာ ပွင့်လင်း မြင်သာမှုရှိလားဆိုတော့ ကျွန်တော်ဘက်က ပြောလို့ မကောင်းလို့ပါ။ ကိုရဲထွဋ် အော်သွားတဲ့ အတိုင်းပါပဲ။ မနက်ဖြန် ရုံးပြန်ချိန်းပါတယ်။ သက်သေဆက်ပြီး စစ်မှာပါ။ တရားလိုပြ သက်သေပဲ စစ်ရသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မတွေ့ရသေးပါဘူး။ အမှုဖြစ်တဲ့ အလုံးစုံကိုလည်း ကျွန်တော်ဘာမှ မသိရသေးပါဘူး။ ချက်ချင်းကြီး အမှုစစ်လိုက်တဲ့သဘောပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

Most read this week