ရှစ်လေးလုံးနှင့် ဦးသိန်းစိန်မှတ်တမ်း ထုတ်ရန် တောင်းဆို၊ ကလေးမြို့တွင် ငြင်သာစွာ ကိုင်တွယ်ခဲ့ဟု ဦးရဲထွဋ် တုံ့ပြန်

ရှစ်လေးလုံးနှင့် ဦးသိန်းစိန်မှတ်တမ်း ထုတ်ရန် တောင်းဆို၊ ကလေးမြို့တွင် ငြင်သာစွာ ကိုင်တွယ်ခဲ့ဟု ဦးရဲထွဋ် တုံ့ပြန်
by -
မဇ္စျိမ

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ ခြောက်နှစ်ပြည့်ရန် နီးကပ်လာချိန် သြဂုတ် ၄ ရက်တွင် လန်ဒန်အခြေစိုက် ဘားမားကန်ပိန်းယူကေက လက်ရှိသမ္မတအဖြစ် တာဝန်ယူနေသည့် ဦးသိန်းစိန်၏ ၁၉၈၈ အရေးအခင်းအတွင်းက တပ်တွင်း မှတ်တမ်းထုတ်ပြန်ရန် တောင်းဆိုသည်။

“တကယ်လို့ သမ္မတဦးသိန်းစိန်မှာ ဖုံးကွယ်ထားစရာ ဘာတစ်ခုမှ မရှိဘူးဆိုရင် သူ့ရဲ့တပ်တွင်း လုပ်ဆောင်မှု မှတ်တမ်းအပြည့်အစုံကို မြန်မာနိုင်ငံက လူတိုင်းလူတိုင်း ကြည့်ရှုနိုင်ဖို့ မထုတ်ပြန်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး”ဟု ဘားမားကမ်ပိန်းယူကေ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်က ဆိုသည်။

ယင်းနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မဇ္ဈိမက မေးမြန်းရာ ရှစ်လေးလုံးကာလက ကလေးမြို့အခြေစိုက် တပ်ရင်းမှူး တာဝန်ယူထားသည့် ဦးသိန်းစိန်သည် ဒေသတည်ငြိမ်ရေးအတွက် ဘယ်လို ညင်သာသိမ်မွေ့စွာ ဆောင်ရွက်ခဲ့သည်ဆိုသည်ကို ကလေးမြို့သူမြို့သားများ အသိဆုံးဟု တုံ့ပြန်ပြောဆိုသည်။ ဘားမားကန်ပိန်းယူကေကမူ ရှစ်လေးလုံးကာလ လူထုအုံကြွမှုကို ဆန့်ကျင်နှိမ်နင်းရာတွင် ဦးသိန်းစိန်သည် အထူးအသိအမှတ်ပြုခံရလောက်သည်အထိ လုပ်ဆောင်ခဲ့သည်ဟု ကြေးနန်းပေါက်ကြားမှုကို ကိုးကား၍ ပြောသည်။

TheinSein-29-3-2014

၎င်းတို့ အဆိုအရ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲဖြင့် ပေါက်ကြားခဲ့သည့် အမေရိကန်သံရုံး သံတမန်ရေးရာ ကြေးနန်းတစ်စောင်ကို ကိုးကားထားခြင်းဖြစ်သည်။ ကြေးနန်းစာတွင် “ဗိုလ်မှူးသိန်းစိန်သည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP-မဆလ) အပေါ်သစ္စာခံသော တပ်ဖွဲ့တစ်ခုဖြစ်သည့် ခြေမြန်တပ်ရင်း (LID-ခမရ) ၅၅ ၏ အုပ်ချုပ်သူတပ်မှူး တာဝန်ထမ်းဆောင်ခဲ့သည်”ဟု ဘားမားကန်ပိန်းယူကေက ဆိုသည်။

မကြာသေးမီကမှ ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတ၏ ခန့်အပ်ခြင်းကို ခံရသူ ဦးရဲထွဋ်ကမူ “ကလေးမြို့သူမြို့သားတွေ အဲဒီအချိန်က သမ္မတဦးသိန်းစိန် ဒေသတည်ငြိမ်ရေး ဘယ်လိုညင်သာသိမ်မွေ့စွာ ဆောင်ရွက်ခဲ့တယ်ဆိုတာ အသိဆုံးဖြစ်ပါတယ်။ ဘားမားကမ်ပိန်းယူကေရဲ့ ပြောဆိုချက်ဟာ သမ္မတရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာက အသိအမှတ်ပြုနေမှုကို ထိခိုက်စေဖို့ စတန့်ထွင် ဆောင်ရွက်တာလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

ဘားမားကမ်ပိန်းယူကေက ယင်းသို့ မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်လာစေရန် ပြည်သူများက ဦးသိန်းစိန်ထံသို့ အီးမေးလ်ရေးပို့တောင်းဆိုသော လှုပ်ရှားမှုကို သြဂုတ် ၄ ရက်တွင် စတင်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင်ကမ္ဘာ့နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းလိုက်ကြပြီး အကူအညီနှင့် ကုန်သွယ်မှုများ မြန်မာနိုင်ငံအတွင်း စီးဝင်နေသော်လည်း မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း၊ နိုင်ငံရေးအကျဉ်းသား နှစ်ဆခန့် တိုးလာခြင်း၊ ရိုဟင်ဂျာလူနည်းစုများအပေါ် ဖိနှိပ်မှုခြင်းစသဖြင့် နောက်ကြောင်းပြန်နေသည်ဟု ဘားမားကန်ပိန်းယူကေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျောင်းသားတွေကို အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုမှာ တကယ်လို့ သမ္မတ ဦးသိန်းစိန် ပါ၀င်ခဲ့တယ်ဆိုရင်၊ သူဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ယုံကြည်စိတ်ချနိုင်မယ့် ပုဂိ်္ဂုလ်မျိုး တကယ်ဟုတ်ပါ့မလား”ဟု ဘားမားကန်ပိန်းယူကေ အမှုဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။

၁၉၈၈ ခုနှစ်အရေးအခင်းကာလတွင် ကလေးမြို့တွင် ရှိနေသည့် ဒေသခံများအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဦးသိန်းစိန်သည် ထိုအချိန်က အမှတ် ၈၉ ခြေလျင်တပ်ရင်းမှူးအဖြစ် ကလေးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။

“ကလေးမြို့ပေါ်ကို သာစည်ရွာဖက်က သပိတ်တပ်လာတဲ့နေ့မှာ မြို့ပေါ်က အဝင်မခံဘူး။ ဒါနဲ့ နှစ်ဖက်အင်အားစုတွေ ထိပ်တိုက်တွေ့နေကြတယ်။ ဒါနဲ့ ကျွန်တော်ရယ် ဒေါ်လှကြည်ရယ် တပ်ရင်းမှူးကို သွားအကြောင်းကြားတော့ အရာရှိနှစ်ယောက်ကို အခြေအနေလိုက်ထိန်းခိုင်းလို့ ပြေလည်ခဲ့ပါတယ်”ဟု ကိုယ်တွေ့ကြံုခဲ့သူဟုဆိုသော ဦးဝင်းစိန်က ပြောသည်။

၎င်းက ဦးသိန်းစိန်သည် အထက်အမိန့်တစ်စုံတစ်ရာ မရှိသ၍ ညင်သာစွာ ကိုင်တွယ်ခဲ့သည်ဟု သုံးသပ်ခဲ့သေးသည်။ ထို့ပြင်ကလေးမြို့ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ဝင် ဦးမျိုးမင်းအောင်ကလည်း ယင်းကာလအတွင်း သွေးထွက်သံယို မဖြစ်ခဲ့ဟု ပြောသည်။

“ကလေးမြို့၊ ပြည်သူ့ပန်းခြံ အာဇာနည်ကျောက်တိုင်မှာ အာဇာနည်နေ့ပန်းခွေချဖို့ ကျွန်တော်အပါအဝင် ကျောင်းသားတွေ တားတော့ အဲဒီမှာ လုံခြံုရေးချထားတဲ့ တပ်က တားတယ်၊ ဦးသိန်းစိန်က ပစ်မိန့်မပေးဘဲ ကျွန်တော်တို့ကို ပန်းခွေချခွင့် ပြုလိုက်လို့ ဘာမှမဖြစ်ဘူး”ဟု ပြောသည်။

ဘားမားကန်ပိန်းယူကေ၏ ထုတ်ပြန်ချက်၌မူ ဦးသိန်းစိန်သည် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစိုးဝင်းကဲ့သို့ပင် ရှစ်လေးလုံး လူထုအုံကြွမှုကို ဆန့်ကျင်နှိမ်နင်းရာတွင် အထူးအသိအမှတ်ပြုခံရလောက်သည်အထိ ထိုရာထူး အာဏာတို့ဖြင့် လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

မကြာသေးခင်က ထုတ်ဝေခဲ့သည့် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်ယူခဲ့သော ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စိုးဝင်း၏ “မမျှော်လင့်သော ခရီးရှည်” အတ္တုပ္ပတ္တိ စာအုပ်တွင် ဗိုလ်ချုပ်ကြီးစိုးဝင်းက သူ့အား ရှစ်လေးလုံးကာလအတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြလူအုပ်ကို ဖြိုခွဲရန် တာဝန်ပေးခဲ့သည်ဟု ရေးထားသည်။

Most read this week