လျှပ်စစ်ကဏ္ဍတိုးတက်ရန် ၀န်ကြီးချုပ်ကတိပြုပြီးနောက် မြောက်ဦးတွင်တစ်ရက်ခြားစီသာ လျှပ်စစ်မီးလာ

လျှပ်စစ်ကဏ္ဍတိုးတက်ရန် ၀န်ကြီးချုပ်ကတိပြုပြီးနောက် မြောက်ဦးတွင်တစ်ရက်ခြားစီသာ လျှပ်စစ်မီးလာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် အဖြစ်ခန့်အပ်ခံရသော ဗိုလ်ချုပ် မောင်မောင်အုန်းမှ သူ့လက်ထက်တွင် ရခိုင်ပြည်နယ်နယ် လျှပ်စစ်ကဏ္ဍကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကတိပြု ပြောကြားပြီးနောက်  နိုင်ငံခြားဧည့်သည်များ အဓိက လာရောက်လည်ပတ်သော မြောက်ဦးတွင် တစ်ရက်ခြားစီ လျှပ်စစ်မီးရရှိတော့သဖြင့် မြောက်ဦးဒေသခံတို့ အထူးစိတ်ပျက် လက်ပျက် ဖြစ်နေကြသည်ဟု သိရသည်။

“ ကျွန်တော်တိုု့ ဆန္ဒဖေါ်ထုတ်ပွဲလုပ်မယ်ဆိုုပြီး ခရိုင်ဥက္ကဌကို အကြောင်းကြားတယ်။ အရင်က မီးနေ့တိုင်းလာတယ်။ မနေ့ကစပြီး တစ်ရက်ခြားစီလာတယ်။ ဒါကို ဆန္ဒဖေါ်ထုတ်ပွဲလုပ်ဖို့ မြို့နယ်ရဲမှာ ခွင့်ပြုချက်တောင်းခံမယ်ဆိုတော့ သူက မလုပ်ပါနဲ့။ သူတို့ ဖြေရှင်းပေးမယ်လို့ ပြောတယ်” ဟု မြောက်ဦး ဒေသခံ ကိုအေးမောင်သန်းက နိရဥ္စရာသို့ ပြောသည်။

Mrauk-U-Entrace-gate

ယခင်က မြောက်ဦးမြို့တွင် လျှပ်စစ်မီးမှာ နံနက် ၆ နာရီ ၁၁ နာရီ၊ ညနေ ၄ နာရီက ညဉ့် ၁၁ နာရီထိ တစ်မြို့လုံးကို လျှပ်စစ်မီး ဖြန့်ဖြူးပေးသော်လည်း သြဂုတ်စ်လ (၂) ရက်နေ့က စပြီး မြောက်ဦးမြို့ကို (၂) ခြမ်း ပိုင်းခြားလိုက်ပြီး တစ်ပိုင်းကို တစ်ရက်သာ ပေးတော့သည်ဟု ဆိုသည်။

“ ဒီဘက်အပိုင်းကို ဒီနေ့ ပေးရင် နောက်တစ်ပိုင်းကို မနက်ဖြန်ပေးတယ်။ တစ်ပိုင်းကို တစ်ရက်ခြားဘဲ ပေးတယ်။ အရင်က နေ့တိုင်းရနေတာ အခုတော့ မီတာခ ယူနစ် (၂၀) ထိ ၃၅ ကျပ်နဲ့ သုံးနိုင်တယ်လို့ ၀န်ကြီးချုပ်သစ်က ခွင့်ပြုပေးလိုက်တဲ့ နောက်ပိုင်းမှာ သူတို့က ခုလို တစ်မြို့လုံးကို မီးပေးနေတာကို လျှော့ချလိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းမှ ရခိုင်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ပြီး များမကြာမီ ရခိုင်ပြည်နယ်တွင် မီတာခ (၁၀) ယူနစ်ထိ ၃၅ ကျပ်နုန်းဖြင့် သုံးစွဲနေရာမှ မီတာ (၂၀) ထိ သုံးစွဲနိုင်ကြောင်း ထုတ်ပြန်ကျေညာခဲ့သည်။

မြောက်ဦးလျှပ်စစ်မီးဖြန့်ဖြူးသူများ အနေဖြင့် ယူနစ် (၂၀) ထိ ၃၅ ကျပ်နုန်းဖြင့် သုံးစွဲခွင့်ပြုလိုက်သဖြင့် အမြတ်မရှိရာမှ ယခုလို မြို့ကို နှစ်ပိုင်းခြားပြီး တစ်ပိုင်းတစ်ရက် ဖြန့်ဖြူးခြင်းဖြစ်ကြောင်း နီးစပ်သူ တစ်ဦးမှ ပြောဆိုသည်။

“ မြောက်ဦးမြို့ မီးကို တော်ဝင်ထူးလင်း ကုမ္ပဏီက ဒီဇယ်စက်ကြီးတွေက တဆင့် ပေးဝေနေတာ ဖြစ်ပါတယ်။ ယူနစ် (၁၀) ကနေ ယူနစ် (၂၀) ကို ၃၅ ကျပ်နုန်း သတ်မှတ်တော့ အမြတ်မရှိတော့ သူတို့က အရင်အတိုင်း တစ်မြို့လုံးကို မပေးတော့ဘူး။ နောက်ပီး ဒီဇင်္ဘာလမှ မဟာဓါတ်အားလိုင်းကနေ လျှပ်စစ်မီး လာတော့မယ် ဆိုတာကို သိတော့ မီးစက်တွေကိုလည်း မွန်းမံပြင်ဆင်မူ မလုပ်တော့ လျှပ်စစ်မီးအားက လျှော့ကျသွားတယ်လေ” ဟုသူကဆိုသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးမှ ယခုကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ ပြည်နယ်သို့ တင်ပြအစီရင်ခံတင်ပြသွားမည် ဖြစ်ကြောင်း၊ မီးကန်ထရိုက်ယူထားသူ တာဝန်ခံမှာလည်း စစ်တွေသို့ ရောက်နေသဖြင့် ဖြေရှင်းပေးရန် ခက်ခဲနေသဖြင့် သြဂုတ်စ်လ (၁၀) ရက်နေ့ထိ စောင့်ဆိုင်းရန် မြို့လူထုအား ဖျောင်းဖျ ပြောဆိုထားသည်ဟု ဆိုသည်။

မြောက်ဦးသည် ရခိုင်ပြည်နယ်အတွင်းမှ ခရိုင်အဆင့်မြို့တစ်မြို့ ဖြစ်သည်သာမက  ရှေးဟောင်းမြို့တော် တစ်ခုလည်း ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ဧည့်များ မကြာခဏ လာရောက်လည်ပတ်သော မြို့ ဖြစ်သည်။ ထိုသို့ ရခိုင်ပြည်နယ်အတွင်းမှ အထင်ကရ မြို့တစ်ခုတွင် လျှပ်စစ်မီးကို နာရီအလိုက်သာ သုံးစွဲခွင့် ရရှှိခဲ့ရာမှ ယခုတဖန် အပိုင်းလိုက် တစ်ရက်ခြားသာ ရရှိတော့သဖြင့် မြို့ခံ လူထုအနေဖြင့် အာဏာပိုင်များ ကတိကဝတ်များ အပေါ် မေးခွန်းထုတ်နေကြသည်ဟု သတင်း ရရှိသည်။

Most read this week