ချင်းပြည်နယ်တွင် မိုးနည်း၍ ကျေးလက်တောင်သူများ၏ ရွှေ့ပြောင်း ယာထွက်သီးနှံ ပျက်စီးကုန်သည့် အပြင် လယ်ပိုင်ရှင်များလည်း ယခုချိန်ထိ လယ်မထွန်နိုင်သေးကြောင်း သတင်းရရှိသည်။
ဖလမ်းမြို့နယ်အတွင်း Haimual (22)၊ Thip Cang (26)၊ New Hnathial (24)၊ Old Hnathial (32)၊ Singai (75)၊ Selawn (8)၊ TlangKuai(28)၊ ZawngTe(38)၊ NgaiLan(16) ကျေးရွာမှ ယာခင်းများသည် မိုးနည်းမှုကြောင့် စိုက်သီး နှံများ ပျက်စီးနေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ယာထွက်သီးနှံတွေဟာ မိုးမရွာလို့ သေကုန်တယ်၊ ယနေ့အထိ ဖရုံ၊ ပြောင်းဖူးတောင် မစားနိုင်သေးဘူး၊ စပါး ကောင်း ယင် ပေါင်း ပင်တွေ လောင်းရိပ်မိပြီး ပေါင်းရှင်း ရလွယ် တယ်၊ စပါးမကောင်းတော့ ပေါင်းပင်တွေပဲ ထူလာတယ်၊ ပင်ပန်းသမျှ ဘာမှ အကျိုးဖြစ်မလာဘူး ” ဟု ဟိုင်မွာလ်ရွာမှ ပါဆွီး က ပြောသည်။
ဒေသခံများသည် သူတို့၏ အခက်အခဲကို အထက် အစိုးရအာဏာပိုင်များသို့ တင်ပြခဲ့သော်လည်း တစုံတရာ တုံ့ပြန်မှု မရှိဟု ဆက်ပြောသည်။
အလားတူ ထန်တလန်မြို့နယ် တစ်ခုလုံး ကျေးလက်ဒေသတွင် မိုးနည်းသည့်အတွက် လယ်သမားများ ယနေ့အထိ လယ်မထွန်နိုင်သေးကြောင်း အိမ်ခြေ ၁၃၀ ရှိ Ai bur ကျေးရွာမှ လယ်ပိုင်ရှင် ၅၀ ခန့် လယ်မထွန်နိုင်တော့ကြောင်း ဒေသထုတ် The Chinland Post မှာ ဖော်ပြထားသည်။
ပလက်ဝနှင့် မတူပီမြို့နယ် ကျေးလက်ဒေသများတွင်လည်း ဇွန်လအတွင်းသာ မိုးရွာပြီး ဇူလိုင်လမှစ၍ မိုးနည်းလာသည့်အတွက် စိုက်ပျိုးသီးနှံများ ပျက်စီးမှု များနေကြောင်း သိရသည်။
” နောက်လ ကနေ စား စရာ ပြတ်လပ် လာတော့မယ်၊ ဒါ တစ်ရွာလုံးလိုလိုပါပဲ၊ နောင်နှစ်ဆိုလည်း ယာထွက်သီးနှံ ရရှိဖို့ မမျှော်လင့်တော့ပါဘူး” ဟု ပလက်ဝမြို့နယ် ပါရာ ရွာမှ တောင်သူ တဦးက ပြောသည်။