တိမ်းရှောင်နေရသည့် နမ့်ခမ်း ဒေသခံအချို့ နေရပ် ပြန်လာပြီ

တိမ်းရှောင်နေရသည့် နမ့်ခမ်း ဒေသခံအချို့ နေရပ် ပြန်လာပြီ
by -
မဇ္စျိမ

တပ်မတော်သား နှစ်ဦးဒဏ်ရာဖြင့် သေဆုံးမှုကြောင့် သက်ဆိုင်ရာတို့ ရိုက်နှက်စစ်မေးမှုအချို့ ကြံုတွေ့လာ ရသဖြင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ နောင်ခါးကျေး ရွာအုပ်စု နောင်မတာကျေးရွာသား တစ်ရာကျော် ပြန်လည်ရောက်ရှိလာပြီဟု ကျေးရွာရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်က နောင်မတာကျေးရွာအနီး အစိုးရစစ်တပ် ဗိုလ်ကြီးဝင်းသူရထွန်းနှင့် တပ်ကြပ်ကြီး တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ရွာသားများအား ရိုက်နှိက်မှုရှိခဲ့သဖြင့် ဇူလိုင်လ ၃၁ ရက်က နီးစပ်ရာ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

နောင်မတာကျေးရွာမှ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ ဗိုလ်ကြီးသန့်ဇင်ဦးအပါအဝင် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(SNLD) နှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအဖွဲ့ ရွာသားများကို ပြန်လာရန် ဖုန်းဖြင့်ခေါ်ယူခဲ့သဖြင့် ရွာသား ၁၀၀ ကျော် ပြန်လည်ရောက်ရှိလာပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ ၉ နာရီခွဲလောက်ထွက် ဖုန်းဆက်ခေါ်တာ ၁၀၀ ကျော်လာကြတယ်။ ပြန်လာတဲ့လူက နည်းနည်းပဲ။ အမျိုးသမီးတွေပဲ များတယ်။ အခု ကျွန်တော်တို့ အခမ်းအနားလုပ်ပေးတော့ ဗိုလ်ကြီးတို့ အာမခံပေးသလို၊ ကိုယ့်အိမ်ကို ပြန်လာပါ။ သူ့လက်အောက်ခံတပ်တွေကိုလည်း ကျွန်တော်တို့ ထိန်းနိုင်တယ် ဆိုပြီး သူ အာမခံတယ်”ဟု ဦးစိုင်းထွန်းလှိုင်က ပြောသည်။

“ရွာအုပ်ချုပ်ရေးမှူးတွေကို ရိုက်နှက်မှုတွေ ပြန်လုပ်မယ်ဆိုရင် ဒီရွာမှာ ရွာလူကြီးရှိမှာ မဟုတ်ဘူးဆိုပြီး ပြောတယ်။ ဗိုလ်ကြီး ပြန်ဖြေတာကတော့ ကျွန်တော်ရှိနေတဲ့ ကာလပတ်လုံး မဖြစ်စေရဘူး”ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် စစ်ဆေးရိုက်နှက်ခံရသော ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးကမူ ဆေးကုသမှုခံယူနေသဖြင့် မပြန်နိုင်ကြောင်းနှင့် ကျေးရွာ၏ ကြံုတွေ့ခဲ့ရသော အခက်အခဲများကို တင်ပြထားသည့် အချက်သုံးချက်ပါ စာရေးသား ပေးပို့ခဲ့သည်ဟု ဦးစိုင်းထွန်းလှိုင်က ဆိုသည်။

တရုတ်နိုင်ငံဘက်ကမ်းမှ ရွာသားများတချို့ နောင်မတာကျေးရွာသို့ ပြန်သွားပြီဖြစ်သော်လည်း စစ်ဆေးရိုက်နှက် ခံ ထားရသူနှင့် တချို့မှာမူ မပြန်နိုင်ကြသေးဟု တပ်မတော်၏ ရိုက်နှက်စစ်ဆေးခြင်းခံရသူ နောင်မတာ ရွာသား စိုင်းဆမ်စိုးက ပြောသည်။

Most read this week