၂၀၁၀ ရွေးကောက်ပွဲတွင် မတည်ခဲ့သည့် ကတိများ ပြန်ဖြည့်ရန် ပြည်ခိုင်ဖြိုး စီစဉ်

၂၀၁၀ ရွေးကောက်ပွဲတွင် မတည်ခဲ့သည့် ကတိများ ပြန်ဖြည့်ရန် ပြည်ခိုင်ဖြိုး စီစဉ်
by -
မဇ္စျိမ

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပေးထားခဲ့သည့် ကတိမတည်မှုများကို ပြန်လည်ဖြည့်ဆည်းပေးရန် သြဂုတ်လ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ(ရန်ကုန်တိုင်း) တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်က ဆုံးဖြတ်လိုက်သည်။

ပြည်သူများအပေါ် ပေးအပ်ခဲ့သည့် ကတိများ အပြည့်အဝအကောင်အထည် မဖော်ခဲ့နိုင်ခြင်းအတွက် ပြန်လည် ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များက ယင်းအခမ်းအနားတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

USDP-2010

“လမ်းလုပ်ပေးမယ်၊ လျှပ်စစ်မီးဆိုရင်လည်း နေရာတိုင်း မဟုတ်ပေမယ့် ပြောခဲ့တဲ့နေရာတွေမှာ လုပ်ပေးနိုင်ဖို့ကို ပါတီက နိုင်ရင် ပါတီ၊ ပါတီက မနိုင်ရင် အစိုးရကို တင်ပြပြီး လုပ်ပေးနိုင်ဖို့အတွက် တိုက်တွန်းခဲ့တယ်။ အခု ဖိုရမ်အပြီးမှာ အဲဒီဟာတွေကို အပြီးလုပ်ဖို့ ဗဟိုမှာ ရှေ့လုပ်ငန်းစဉ်ဆွဲပြီး ပါတီဝင်တွေကို ပို့တော့မယ် လို့သိခဲ့ရတယ်”ဟု ကတိများအတိုင်း ဆောင်ရွက်ပေးနိုင်ရေးတင်ပြမှု တာဝန်ခံ ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က မဇ္ဈိမကို ပြောသည်။

ယင်းကို ရန်ကုန်တိုင်းတစ်ခုတည်းသာမက တစ်နိုင်ငံလုံးတွင် ဆောင်ရွက်သွားရန် ဖိုရမ်တွင် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲကာလက ၀င်ရောက်ရန် ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်တို့ သည် ရေကောင်းရေသန့် ရရှိရေးအတွက်ဆောင်ရွက်ပေးမည်။ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရေမြောင်းများပြုပြင်ပေးမည်ဆိုသည့် ကတိများပေးထားခြင်းဖြစ်သည်။

ယင်းသို့ ကတိများ ပြန်ဖြည့်နိုင်ရေး ရပ်ကွက်ကျေးရွာများအတွင်း လယ်သမားများ၊ အလုပ်သမားများနှင့် လူငယ်အဖွဲ့များကို ဖွဲ့စည်းကာ လုပ်ငန်းများကို အကောင်အထည်ဖော်ရန် စီစဉ်မည်ဖြစ်သည်။

အဖွဲ့များတွင် အဖွဲ့ဝင် ၁၀ ဦးစီပါ၀င်မည်ဖြစ်ကာ အဖွဲ့အသီးသီးတို့က ဒေသပါတီရုံးများသို့ ပြန်လည်တင်ပြခြင်း ဖြင့် ဆောင်ရွက်ပေးသွားရန် အဆိုပြုထားသည်။ တိုင်းလွှတ်တော်အမတ် ၉၀ နေရာရှိသည့် ရန်ကုန် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက ရ၅ နေရာရယူနိုင်ခဲ့သည်။

Most read this week