မြန်မာတစ်ပြည်လုံး နေ့စား ဆရာ၊ ဆရာမ တိုးမြှင့်ခန့်ထားမှု ပမာဏဖြစ်သည့် ကျောင်းသား လေးဦး၊ ဆရာ တစ်ဦး အချိုးအတိုင်း ထားပေးနိုင်ရန် လာမည့်စာသင်နှစ်တွင် ရခိုင်ပြည်နယ်၌ ဆရာ၊ ဆရာမ လေးသောင်း ကျော် တိုးမြှင့်ခန့်ထားပေးမည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မျိုးမြင့်ကြူက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်ရှိ အခြေခံမူလတန်းကျောင်းတိုင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသားအချိုး လွန်စွာ ကွာဟနေခြင်းကြောင့် တစ်အပေါင်းလေးစီမံချက် (ကျောင်းသားလေးယောက်လျှင် ဆရာတစ်ဦးနှုန်း) အချိုးကျင့်သုံးပြီး မူလတန်းပညာမှ စတင်ကာ နေ့စားလပေးဆရာ၊ ဆရာမပေါင်း ၄၀,၀၀၀ ကျော်ကို ၂၀၁၅-၁၆ခုနှစ် ပညာသင်နှစ်တွင် စတင်ခန့်အပ်ပေးသွားမည်ဖြစ်ပြီး သုံးနှစ်စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုစီမံချက်အရ ပထမနှစ် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် နေ့စားလပေး ဆရာ၊ ဆရာမဦးရေ ၁၅,၀၀၀၊ ဒုတိယ ၂၀၁၆- ၁၇ ပညာသင်နှစ်တွင် ဦးရေ ၁၅,၀၀၀ နှင့် တတိယ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဦးရေ ၁၀၀,၀၀၀ တို့ ခန့်အပ်ပေးသွားမည်ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ဆရာ၊ ဆရာမနှင့် ကျောင်းသားအချိုး ကွာဟမှု အမြင့်ဆုံးဖြစ် သည့်အတွက် ရခိုင်ပြည်နယ်ကို စီမံချက်ချမှတ်ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာတစ်ပြည်လုံးတွင် ၂၀၁၃-၁၄ ခုနှစ် ပညာသင်နှစ်မှ စတင်ကာ နေ့စား လပေး ဆရာ၊ ဆရာမဦးရေ သုံးသောင်းခန့် ပညာရေးဝန်ကြီးဌာနက ခန့်အပ်ထားပြီး ၂၀၁၄-၁၅ ပညာသင်နှစ်အထိ တစ်နိုင်ငံလုံးတွင် နေ့စား လပေးဆရာ၊ ဆရာမပေါင်း လေးသောင်းကျော်သာ ရှိသေးသည်။
ရခိုင်ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍတွင် လက်ရှိဆရာနှင့် ကျောင်းသားအချိုးမှာ ၂၃ ယောက်လျှင် ဆရာတစ်ဦး နှုန်းဖြစ်နေခြင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးမှု အားနည်းနေခြင်း၊ မြန်မာတစ်ပြည်လုံးတွင် ဆရာနှင့် ကျောင်းသားအချိုး ကွာဟမှု အမြင့်မားဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်နေခြင်းနှင့် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများမှာ သတ်မှတ်ကာလ ပြည့်ပြီးပါက မြေပြန့်ဒေသသို့သာ ပြန်လည်လျှောက်ထားခြင်းတို့ကြောင့် အဆိုပါ လစ်လပ်နေရာများနှင့် ကျောင်းသားနှင့် ဆရာအချိုးမျှတစေရန် နေ့စားလပေးဆရာ၊ ဆရာမ များကိုတိုးမြှင့်ခန့် အပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် ပညာရေးစီမံကိန်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်က “အခြား ပြည်နယ်တွေမှာလည်း ကွာဟချက် ဖြည့်ဆည်းပေးဖို့ လိုအပ်သေးပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသများတွင် ဆရာနှင့် ကျောင်းသားအချိုးကွာဟမှု အများဆုံးဖြစ်ပေါ်နေခြင်းမှာ ဆရာ၊ဆရာမများ ပြောင်းရွှေ့ခြင်းကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ဆောင်ရွက်ပေးပြီး ပြောင်းရွှေ့ လျှောက်လိုပါက ကျောင်းတစ်ကျောင်းတွင် လုပ်သက်နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးပါက ပြောင်းရွှေ့ လျှောက်ထားခွင့်ရှိခြင်းကြောင့် လည်းကောင်း၊ တပ်မတော်သား ၀န်ထမ်းများနှင့် အခြားနိုင်ငံ့ဝန်ထမ်းများ လိုက်ပါပြောင်းရွှေ့ပါက လစ်လပ်နေရာပေါ်မူတည်ပြီး ဦးစားပေး ဆောင်ရွက်ရသည့်စနစ်ကြောင့် လည်းကောင်း အချိုးကွာဟနေရခြင်းဖြစ်သည်ဟု ဒေါက်တာခင်မျိုးမြင့်ကြူက ဆိုသည်။
ယခုပညာသင်နှစ်တွင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခု၌ မူလတန်းကျောင်းသား၊ ကျောင်းသူ ၄၁၂,၆၃၅ ဦးရှိပြီး အထက်တန်းဆင့် ၉၅၅ ကျောင်း၊ အလယ်တန်းအဆင့် ၁၈၆ ကျောင်း၊ မူလတန်းအဆင့် ၅၁၀ ကျောင်းရှိ သည်ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာန စာရင်းများအရ သိရသည်။