စာနယ်ဇင်းကောင်စီယာယီကို ယုံကြည်ရန် လုပ်ဆောင်ချက်များကို စောင့်ကြည့်ရဦးမည်ဟုဆို

စာနယ်ဇင်းကောင်စီယာယီကို ယုံကြည်ရန် လုပ်ဆောင်ချက်များကို စောင့်ကြည့်ရဦးမည်ဟုဆို
by -
မဇ္စျိမ

သတင်းမီဒီယာများ၏ လိုအပ်ချက်၊ လိုလားချက်များကို ဆောင်ရွက်မည့်  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ၏ လုပ်ဆောင်ချက်များကို ယုံကြည်ရန် စောင့်ကြည့်ရဦးမည်ဟု သတင်းမီဒီယာ အချို့က ပြောသည်။

သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ အငြင်းပွားစရာ ပေါ်ပေါက်လာပါက  စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ဦးစွာ ညှိနှိုင်းဖြေရှင်းရန် ကောင်စီက သမ္မတထံမှ ကတိကဝတ် ရရှိခဲ့ခြင်း အပေါ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကောင်စီက သမ္မတနဲ့သွားတွေ့ပြီး ထုတ်ပြန်ချက်တွေ ထုတ်တယ်ဆိုပေမယ့် ကောင်စီက မီဒီယာ လိုလားချက်၊ လိုအပ်ချက်တွေကို ဘယ်လောက်ထိ ဆောင်ရွက်ပေးနိုင်လဲအပေါ်ကို စောင့်ကြည့်ရဦးမှာပါ။ မဟုတ်ရင်ယုံကြည်စရာမရှိပါဘူး။”ဟု Eleven Media ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက မဇ္စျိမကို ပြောသည်။

ဧရာဝတီသတင်းဌာန၏ သတင်းတာဝန်ခံကိုရဲနည်ကလည်း " ကောင်စီကို မီဒီယာတွေ ယုံကြည်လာဖို့အတွက်က ကောင်စီရဲ့လုပ်ဆောင်ချက်ပေါ်မှာလည်း မှုတည်ပါတယ်။ "ဟုပြောသည်။

သမ္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)တို့ သြဂတ်လ ၁ ရက်က တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြောညာချက်တွင် “သတင်း မီဒီယာများ၌ ဖော်ပြရေးသား ထုတ်လွှင့်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ ပြဿနာများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား (Mediator Role) အဖြစ် ဦးစွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေမည် ဖြစ်ကြောင်း နှင့် ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရ ဝန်ကြီးဌာနများက စာနယ်ဇင်း ကောင်စီ နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်စေမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားပါသည်”ဟု ဖော်ပြပါရှိသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက “ ကောင်စီရဲ့ ညှိနှိုင်းပေးမှုအပေါ်ကို လာရောက်ပူးပေါင်းမှု ရှိ၊ မရှိက ကာယကံရှင် မီဒီယာတိုက် ဆန္ဒအပေါ်ပဲမှုတည်ပါတယ်။ မလိုလားတဲ့သူက မလိုလားတဲ့အလျောက် ပူးပေါင်းမှု မရှိတာလဲ ရှိနိုင်ပါတယ်။”ပြောသည်။

ယခင်က သတင်းမီဒီယာတွင်ရေးသားဖော်ပြမှုနှင့် ပတ်သတ်၍ အငြင်းပွားမှုများကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဝင်ရောက်ညှိုနှိုင်းဖြေရှင်းပေးမှုကို လက်မခံသည့် သတင်းမီဒီယာတိုက်အချို့လည်း ရှိသည်။

ဧရာဝတီသတင်းမီဒီယာဌာနမှ သတင်းတာဝန်ခံအယ်ဒီတာ ကိုရဲနည်က “ ယခင်ကဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီးတော့ မီဒီယာ၊ ကောင်စီနဲ့ အစိုးရ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုမျိုးရှေ့ဆက် စခန်း သွားမယ်ဆိုတာ တွေးသင့်ပါတယ်။ တွေ့ကြံုခဲ့ရတဲ့ အဖြစ်အပျက်တွေကို မှားမှန် သင်ခန်းစာတွေ ယူ သင့်ပါတယ်”ဟုပြောသည်။

ယူနတီ အပတ်စဉ်ဂျာနယ် ဖြစ်ရပ်နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)ကို အစိုးရက အသိအမှတ်မပြု သည့် အခြေအနေများဖြစ်ပေါ်ခဲ့သလို သတင်းမီဒီယာတိုက်များကလည်း ကောင်စီကို အသိအမှတ် မပြုသည့် အခြေအနေများလည်း မြင်တွေ့နေရသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည်  သတင်းမီဒီယာအရေးနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်က မီဒီယာအပေါ် ခြိမ်းခြောက်လာသူမျာကို  အစိုးရမှ အရေးယူပေးရန် သဘောထားကြေညာချက် ထုတ်ပြန်ခြင်း၊ ဇူလိုင်လ ၁၄ ရက်က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စာတင်ခြင်း၊ ဇူလိုင်လ ၂၁ ရက်က ပြန်ကြာရေးဝန်ကြီး(ဟောင်း) ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သြဂုတ်လ ၁ ရက် က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို အဖွဲ့ဝင် ၂၉ ဦးဖြင့် ၂ဝ၁၂ခုနှစ်စက်တင်ဘာ (၁၇) ရက်က စတင်ဖွဲစည်းခဲ့သည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ လုပ်ငန်းတာဝန် (၁၅)ချက်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်မြင့်တင်ရန်၊ စာနယ်ဇင်း နယ်ပယ် ဖွံ့ဖြိုးရေး ကိစ္စရပ်များအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရနှင့် ပြည်သူလူထု၊ နိုင်ငံတော် အစိုးရနှင့် စာနယ်ဇင်းတို့ အကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေး ရန် အစရှိသည်တို့ဖြစ်သည်။

Most read this week