လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်နိုင်ရန် ကြံ့ခိုင်ရေးပါတီ လူငယ်အရည်အသွေးမြှင့်တင်မည်

လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်နိုင်ရန် ကြံ့ခိုင်ရေးပါတီ လူငယ်အရည်အသွေးမြှင့်တင်မည်
by -
မဇ္စျိမ

ပါတီတွင်း လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်မှုများ ပြုလုပ်သွားနိုင်ရန် လူငယ်ဦးရေ တစ်ထောင်ကျော်တို့အား အရည်အသွေးမြှင့်တင်ရေး နှင့် စွမ်းရည်မြင့်တတ်ရေးသင်တန်းများ သင်ကြားနေပြီဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၂ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီး/ပြည်နယ် နှင့် မြို့နယ်အဆင့် ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်တွင် မဇ္စျိမကို ပြောခြင်းဖြစ်သည်။

“ နောက်လာမယ့် မျိုးဆက်တွေရဲ့ စွမ်းအင်နဲ့ အရည်အသွေးတွေ မြှင့်တတ်ဖို့၊ လစ်လပ်သွားတဲ့ နေရာတွေမှာ အဆင့်ဆင့် အစားထိုးနိုင်ဖို့ သင်တန်းတွေ ဆောင်ရွက်နေပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပါတီလူငယ်ဦးရေ တစ်ထောင်ကျော်ရှိပြီး ထိုလူငယ်များအား ပြည်သူ့ပါတီ ဗျူဟာဖော်ဆောင်ရေးသင်တန်း၊ စည်းရုံးရေးဆိုင်ရာစွမ်းအင် တတ်မြောက်ရေးသင်တန်း၊ ပါတီမူဝါဒ လမ်းစဉ်သင်တန်း၊ သတင်းစာပညာသင်တန်းများအား မြို့နယ် နှင့် ခရိုင်အလိုက် ဖွင့်လှစ်ကာ သင်ကြားပေးနေသည်ဟု ဆိုသည်။

ထို့ပြင် လူငယ်များအား ရပ်ရွာ အကျိုးများဆောင်ရွက်နိုင်ရန် ရပ်ကွက်ကျေးရွာအလိုက် အနည်းဆုံး (၃ဝ) ဦးရေဖြင့် ဖွဲ့စည်း တာဝန်ပေးသွားမည်ဟုလည်း ဦးတင်ဝင်းက ပြောသည်။

ပါတီမှ ရွေးချယ်ထားသည့် လူငယ်များအား  ထူးချွန်သည့် အတတ်ပညာရှင်များ ဖြစ်ပေါ်လာစေရန် ကျောင်းတက်ရာတွင် အထောက်အပံ့များပေးခြင်း၊ ခေတ်မှီ အတတ်ပညာများ သင်ကြားနိုင်ရန် အခွင့်အလမ်းများ ပေးခြင်းတို့ကိုလည်း ကူညီပေးသွားမည်ဟု သင်္ကန်းကျွန်းမြို့နယ်၏ အတွင်းရေးမှူး ဦးအောင်မြင့်ဇော်က မဇ္စျိမကိုပြောသည်။

“ပါတီထဲက လူငယ်တွေက နိုင်ငံခြားမှာ ကျောင်းတတ်နိုင်ဖို့နဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ချင်တယ်ဆိုလည်း ပါတီက ကူညီပေးထားတာတွေ ရှိတယ်၊ အဓိက ကတော့ လူငယ်တွေ အရည်အသွေး မြင့်ပြီး တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ပါ" ဟုပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်ကို သြဂုတ်လ ၂ရက်နှင့် ၃ရက်တွင် ကျင်းပလျက်ရှိပြီး ဖိုရမ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဦးတင်ဝင်းက တောင်သူလယ်သမား၊ အလုပ်သမား နှင့် လူငယ် တို့၏ အခန်းကဏ္ဍများတွင် ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ရန်၊ ပါတီ၏ လှုပ်ရှားမှုများအား အောက်ခြေအဆင့်မှ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအထိ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် နှင့် ပါတီမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု မြှင့်တင်နိုင်ရန် မျှော်လင့်သည်ဟု ဆိုသည်။

Most read this week