ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခါး ကျေးရွာအုပ်စု နောင်မတာ ကျေးရွာသား များအား ပြန်လည် ခေါ်ယူရန် အစိုးရ စစ်တပ်က ဒေသခံ အဖွဲ့အစည်း များကို သြဂုတ်လ ၂ ရက်တွင် ခေါ်ယူ ပြောဆိုခဲ့သည်ဟု နမ့်ခမ်း မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ အဖွဲ့မှ ဦးစိုင်းအောင်ဝင်း က ပြောသည်။
နောင်မတာ ရွာသားများကို ခေါ်ယူရန်နှင့် ရိုက်နှိက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးအား တောင်းပန်ရန် အစိုးရ၏ တပ်မ ၈၈ မှူး ဗိုလ်မှူးကြီး သက်ထွန်းဦးက တပ်မမှူး ရုံးတွင် နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းစိုင်ဝမ်းနှင့် ဦးစိုင်းအောင်ဝင်းတို့ကို ခေါ်ယူ ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
“ထွက်ပြေးတဲ့ ပြည်သူတွေကို ပြန်ခေါ်ဖို့ကိစ္စ။ တပ်မမှူးက မနက်ဖြန်သွားတာတော့ အကောင်းဆုံးပဲ။ ကျွန်တော်တို့ကို အကူအညီ တောင်းတယ်။ အဲဒီ အုပ်ချုပ်ရေး အပိုင်းကို ခင်ဗျား တာဝန်ယူ ဆက်လိုက်ပါ။ အုပ်ချုပ်ရေးအပိုင်းက မြို့နယ်မှူးတို့ကို ဆက်ပြီး ၉ နာရီလောက်မှာ သွားကြရအောင် အကယ်၍ မသွားရင် ကျွန်တော် တို့လည်း မသွားသင့်ဘူးဆိုတဲ့အကြောင်း ပြောခဲ့တယ်”ဟု ဦးစိုင်းအောင်ဝင်းက မဇ္စျိမကို ပြောသည်။
သြဂုတ် ၃ရက်တွင် ထိုရွာသားများအား ခေါ်ယူရန် နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ကျားခေါင်း ပါတီများမှ လွှတ်တော် ကိုယ်စားလှယ် များနှင့် ၎င်းတို့ အထောက်အကူပြု အဖွဲ့တို့ ဘက်မှ ခေါ်ယူမည် ဖြစ်သော်လည်း အစိုးရ၏ မြို့နယ် အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်မှ သာလျှင် သွားရောက် ခေါ်ယူနိုင်မည်ဟု တပ်မမှူးအား ပြန်လည် ပြောဆိုခဲ့သည်ဟု သူက ပြောသည်။
တပ်မ ၈၈ မှူးက နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးအထောက်အကူအပြုအဖွဲ့ကို ခေါ်ယူ၍ ရွာသားများအား ပြန်လာစေ လိုကြောင်းနှင့် ရိုက်နှိက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေး အပါအဝင် ၅ ဦးကို တောင်းပန် လိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ကျားခေါင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင် ကလည်း ပြောသည်။
“ရွာသားတွေကို အိမ်ပြန်စေချင်တယ်။ လူငါးယောက်ကိုလည်း ပြန်လာစေချင်တယ်။ ခင်ဗျားတို့က ပြန်ပြီး လူကြီးတွေကို ခေါ်စစ်ရင် ဘယ်လိုလုပ်မလဲလို့ ပြော တယ်။ ကျွန်တော်တို့ မလုပ်တော့ဘူး။ မရိုက်တော့ဘူး။ ရိုက်တဲ့ လူကိုလည်း မရှိတော့ဘူး။ သူလည်းမှားတယ်။ တောင်းပန်တယ်။ ကျွန်တော်တို့ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သွားမယ်ဆိုပြီး သဘောတူ လိုက်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဇူလိုင်လ ၂၉ ရက်နေ့က နောင်မတာရွာတွင် ယာယီစခန်းချထားသည့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ ဗိုလ်ကြီး ဝင်းသူရထွန်းနှင့် တပ်ကြပ်ကြီးတစ်ဦး တို့ နောင်မတာအနီး သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့မှု ညတွင်းချင်းပင် ကျေးရွာသား အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးကို စစ်တပ်က လူသတ်မှု တရားခံဟု စွပ်စွဲကာ ရိုက်နှိက်စစ်ဆေးခဲ့သည်။
လက်ရှိ နောင်မတာကျေးရွာ သားများသည် မိမိ၏ ဆွေမျိုးများ၊ တရုတ်ရွာ အိမ်နီးနားချင်းတို့က ထောက်ပံ့မှုဖြင့် စားသောက်နေရပြီး ရိုက်နှိက်ခံရသူ ၅ ဦးမှာလည်း ဆေးဝါးကုသမှု ခံယူနေရသည်ဟု စစ်တပ် စစ်ဆေးရိုက်နှိက်ခံရသူ ကိုစိုင်းဆမ်စိုးက ပြောသည်။
“သူတို့ ခေါ်ရင် အာမခံရှိတယ်။ အန္တရာယ်မပေးဘူး၊ ဒုက္ခပြန်မပေးဘူး ဆိုရင်တော့ ပြန်မယ်။ သူတို့ပြန်ရိုက်တာ မလုပ်ဘူးဆိုတဲ့ အာမခံချက် ရှိရင်တော့ ပြန်မယ်။ ခုဥက္ကဋ္ဌက ကုတ်က သွေးကြောပြတ်တယ်၊ အတွင်းရေးမှူးက ဓါတ်မှန်ရိုက်တာ ခေါင်းမှာ ဒဏ်ရာရတယ်။ ဦးနှောက်ကြောက နည်းနည်း ထိမိတယ်လို့ ပြောတယ်။ ကျွန်တော်က ခေါင်းမှာ တစ်ချက်ပဲထိတယ်။ ဆေးထိုးလို့ ဒီနေ့တော့ နည်းနည်းသက်သာလာပြီ”ဟု သူက ဆက်ပြောသည်။
အဆိုပါ နောင်မတာကျေးရွာသားများသည် နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ကို ကြံုတွေ့ခဲ့ရသလို၊ ယနေ့ထိ တစ်ရွာလုံး ထွက်ပြေးရသည့် အခြေအနေထိ ရောက် ရှိနေသဖြင့် အဆိုပါကျေးရွာအား ငြိမ်းချမ်းစေလိုကြောင်း ဦးစိုင်းထွန်းလှိုင်က ပြောသည်။
“ဒီရွာသားတွေကလေ စစ်ဘေးဒဏ်ကို တော်တော်ခံခဲ့ရတာ များလှပြီ။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရင်တော့ ဒီရွာကို ဘယ်တပ်မှ မနေဘူးဆိုရင် ငြိမ်းချမ်းသွား မှာပါ။ အရင်တုန်းက အက်စ်အက်စ်အေနဲဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ပန်းဆေး ပြည်သူ့စစ် ရှိတုန်းက ရွာထဲက မိန်းကလေး တစ်ယောက်ကို ပစ်သတ်ခဲ့သေး တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က ၄င်းကျေးရွာရှိ အိမ်ခြေ ၁၂၇ ရွာမှ ရွာသား ၅၀၀ ရှိပြီး ၎င်းရွာသားများသည် နီးစပ်ရာ တရုတ်ဘက် ကမ်းရှိ နောင်တောင်း၊ ရောင် ပန်၊ မန့်အိုင်စသည့် ကျေးရွာများရှိ ဆွေမျိုးများနေအိမ်များတွင် ခိုလှုံနေသည်ဟု စိုင်းဆမ်စိုးက ပြောသည်။
အဆိုပါ ဒေသအတွင်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း၊ ပန်းဆေးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ မန့်ပန် ပြည်သူ့စစ်နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ပလောင်(တအာင်း) အမျိုးသား လွတ် မြောက်ရေးတပ်မတော်(TNLA)နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ လှုပ်ရှားနေသည်ဟု ဒေသခံများထံမှ သိရသည်။
နောင်မတာကျေးရွာသည် ယခင်က ရှမ်းပြည် တပ်မတော်၏ ရ၀၁ တပ်စခန်း အခြေစိုက်ရာ ဒေသဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလအတွင်းက အစိုးရ စစ်တပ်က သိမ်းပိုက်လိုက်သဖြင့် လက်ရှိ အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သာ အခြေစိုက်လှုပ်ရှားနေကြောင်း သိရသည်။