ဖောက်သာဖောက် ဆောက်သာဆောက်သော်လည်း စနစ်မကျသည့် စည်ပင်သာယာဟု ဦးခင်အောင်မြင့် ဝေဖန်

ဖောက်သာဖောက် ဆောက်သာဆောက်သော်လည်း စနစ်မကျသည့် စည်ပင်သာယာဟု ဦးခင်အောင်မြင့် ဝေဖန်
by -
မဇ္စျိမ

အစိုးရသစ်လက်ထက် အဆောက်အအုံများ လမ်းတံတားတည်ဆောက်ခြင်းများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနအပြင် တင်ဒါအောင် ပုဂ္ဂလိကကုမ္ပဏီများပါ ဆောင်ရွက်နေသော်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနသာလျှင် စနစ်တကျဆောင်ရွက်နိုင်သည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

“စည်ပင်သာယာကလည်း ဆောက်တာပဲ ဖောက်တာပဲ၊ သို့သော် လမ်းဖောက်တယ်၊ လမ်းဒီဇိုင်း မရှိဘူး၊ လမ်းပုံထုတ် မရှိဘူး။ တံတားဆောက်တယ်၊ တံတားပုံထုတ်မရှိဘူး၊ ကြားဖူးတာ၊ မြင်ဖူးတာနဲ့လုပ်တဲ့ သဘောမျိုး ဖြစ်နေတယ်။ စနစ်တကျနဲ့ လုပ်နိုင်တာ ဆောက်လုပ်ရေးဝန်ကြီးဌာနပဲ ရှိပါတယ်”ဟု ဥက္ကဋ္ဌက ထောက်ပြခဲ့သည်။

ယနေ့ကျင်းပသော အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၇ ရက် မြောက်နေ့ အစီအစဉ်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာ အကြံပြု ဆွေးနွေးစာတမ်း တင်သွင်းရာ၌ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများတွင် နိုင်ငံတော်က ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံသော်လည်း တင်ဒါအောင် ကုမ္ပဏီများသည် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်မှု မရှိကြောင်း တွေ့ရှိရသည့်အတွက် ဦးခင်အောင်မြင့်က အကြံပြုပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက “နိုင်ငံတော်မှာ ဒီဝန်ကြီးဌာနကြီးရှိနေတာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဖို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးလုပ်ငန်းတွေ အားလုံးကို လုပ်နိုင်တယ်၊ ယုံကြည်စွာ အပ်နှံလို့လည်း ရတယ်”ဟု ဆိုသည်။

အမျိုးသားလွှတ်တော်တွင် ယခုနှစ် ဘတ်ဂျက်ထဲ၌ ၀န်ထမ်းများအတွက် အဆောက်အအုံ ၁၄ လုံး ဆောက် လုပ်ခွင့် ပြုချိန်တွင် နိုင်ငံတော်သမ်္မတကြီးထံ တင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကိုသာ တာဝန်ယူဆောင် ရွက်စေခဲ့သည်။

ထို့အပြင် “ဒီလုပ်ငန်းလုပ်ပြီး ဒီကုမ္ပဏီ မရှိတော့ဘူးပြောရင် ဒီကုမ္ပဏီဖျက်ပြီးတော့ နာမည်အသစ်ထောင်၊ ပြီးတော့ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောရင်ရတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဆိုတာ အမြဲရှိတယ်၊ ဆောက် လုပ်တဲ့ကိစ္စတွေမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက မလုပ်နိုင်ဘူးလို့ လက်မှတ်ထုတ်ပေးမှပဲ ပြင်ပနဲ့ကန်ထရိုက် စာချုပ်ချုပ်ပြီး လုပ်ဖို့ ကောင်းတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ရှင်းပြသည်။

မကွေးတိုင်းဒေသကြီး မဲဆန်္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလ-ရွှေပန်း တောကျေးလက်လမ်းမကြီးကို တင်ဒါရ ကုမ္ပဏီက သတ်မှတ်ထားတဲ့ လမ်းအရည်အသွေး စံချိန်စံညွှန်းများနဲ့ ကိုက်ညီအောင် ဆောင်ရွက်မပေးခဲ့ဘူး။ ၂၀၁၂-၁၃ မှာအကောင် အထည်ဖော်တဲ့ လမ်းဟာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ချိုင့်ခွက်တွေ ဖြစ်နေပြီး ကျောက်ချောလမ်းဟာလည်း မြေသားလမ်းနဲ့ သိပ်မကွာဘူး”ဟု လွှတ်တော်သို့ ပြောသည်။

လွှတ်တော်အသီးသီး၌ ဆောက်လုပ် ရေးလုပ်ငန်းများနှင့် သက်ဆိုင်သော အခက်အခဲများစွာကို လွှတ်တော်အမတ်များ မေးခွန်းထုတ်မှု ပိုများလာခဲ့သည်။

Most read this week