ရခိုင်ပြည်နယ်တွင် ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပွားသော ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကြောင့် ဇူလိုင် လ ၁ ရက်မှ ၃၀ ရက်အထိ ကလေးငယ် ရှစ်ဦး သေဆုံးခဲ့သည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာငြိမ်းအေးက ပြောသည်။
ထိုသေဆုံးသည့် ကလေးများသည် ပုဏ္ဏားကျွန်းမြို့နယ်မှ သုံးဦး၊ စစ်တွေမြို့နယ်မှ လေးဦးနှင့် တောင်ကုတ်မြို့ နယ်မှ တစ်ဦးတို့ဖြစ်သည်။
“တစ်လအတွင်း ကလေး ၂၆ ယောက်မှာ ဒီရောဂါဖြစ်ပွားခဲ့တယ်။ ဒီရောဂါက နှစ်စဉ်ဖြစ်လေ့ရှိတယ်။ မနှစ်ကတော့ ဒီလောက်သေဆုံးမှုတွေ မများခဲ့ဘူး။ ခုလောက်လည်း မဖြစ်ပွားဘူး။ မနှစ်က ဖြစ်ပွား၊ သေဆုံးမှုနဲ့ ပတ်သက်တဲ့စာရင်း အတိအကျကို လောလောဆယ်ပြောလို့ မရသေးပါဘူး။ အချက်အလက် ပြန်ရှာရဦးမယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ကျူးလက်(စ်)ခြင် (Culex tritaenior-hynuhus) ကိုက်ခြင်းကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်။ အဆိုပါရောဂါသည် အသက် ငါးနှစ်မှ ၁၃ နှစ်အရွယ်ကလေးများတွင် အဖြစ်များသည်ဟု ဒေါက်တာငြိမ်းအေးက ဆိုသည်။
ရောဂါလက္ခဏာများသည် သာမန်အအေးမိ တုပ်ကွေးရောဂါများနှင့် ဆင်တူကြောင်း၊ နှာစေးခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်တတ်ကြောင်း ဆိုသည်။ ကလေးငယ်များ တစ်ဦးချင်းအပေါ် မူတည်ပြီး နှစ်ရက်သုံးရက်ကြာလျှင် အဖျားကြီးလာပြီး တက်လာခြင်း၊ ထို့နောက် ဦးနှောက်ရောင်သည့် လက္ခဏာများဖြစ်သည့် အကြောဆွဲခြင်း၊ သတိလစ်ခြင်းများဖြစ်လာတတ်သည်။
ထိုရောဂါသည် ခြင်ကိုက်သည့် မည်သည့်အချိန်မျိုးမဆို ဖြစ်တတ်ကြောင်း၊ အဆိုပါကျူးလက်(စ်)ခြင်များ ပေါက်ပွားတတ်သည့် မိုးရာသီ၊ ဆောင်းအကုန်၊ နွေအကူးတွင် ပိုပြီး သတိထားရမည်ဖြစ်ကြောင်း စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဒေါက်တာလှမူ (ပြည်နယ်ကလေးအထူးကု ဆရာဝန်ကြီး)က မြန်မာ့အလင်းသတင်းစာ ဇူလိုင်လ ၃၀ ရက်ထုတ်တွင် ဖြေကြားထားသည်။ ဆက်လက်ပြီး ၎င်းက ထိုရောဂါသည် ကုသမှုနောက်ကျလျှင် သေတတ်ကြောင်း၊ အန္တရာယ်ရှိကြောင်းလည်း ပြောခဲ့သည်။
ဂျပန်ဦးနှောက်ရောင် ရောဂါအတွက် ကြိုတင်ကာကွယ်ဆေးကို အိန္ဒိယနှင့် ထိုင်းမှ မှာယူတင်သွင်းရသည်ဟု ဒေါက်တာ ငြိမ်းအေးက ပြောသည်။
“ကလေးတွေကို ကုသဖို့လိုအပ်တဲ့ဆေးတွေကို နေပြည်တော် ကျန်းမာရေးဦးစီးဌာနကနေ မှာထားပါတယ်။ ခုလက်ရှိမှာ နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်မှူးနှစ်ယောက်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ကွင်းဆင်းပြီး စစ်ဆေးဖို့ ရောက်လာပြီ။ ကာကွယ်ဆေးကတော့ ဒီနှစ်မှာ ထိုးပေးဖို့ မဖြစ်နိုင်တော့ပါဘူး”ဟု ၎င်းက ဆက်ပြောသည်။