တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ညှိနှိုင်းနေရဆဲဖြစ်သည့် စကားလုံးအသုံးအနှုန်းပြဿနာမှာ အစိုးရမှတိုင်းရင်းသားများအား လိုက်လျောပေးရန် လိုအပ်သည့် အချက်ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ နိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။
စကားလုံးအသုံးအနှုန်း ပြဿနာမှာ အပစ်ရပ်ရေးသဘောတူညီမှုချုပ်ဆိုမည့် စာချုပ်တွင် အစိုးရဘက်မှ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်များ ချုပ်ဆိုသော”ဟု သုံးနှုန်းထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ချုပ်ဆိုသော” စသဖြင့် စကားလုံးများ ကွဲပြားနေခြင်းအပေါ်တွင် ညှိနှိုင်းမရခြင်းဖြစ်သည်။
စကားလုံးအသုံးအနှုန်း ညှိနှိုင်းမရဖြစ်ခဲ့သည်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု အစည်းအဝေးတွင် တပ်မတော် ကိုယ်စားလှယ် သုံးဦး စတင်ပါ၀င်လာခဲ့သည့် ဧပြီလ ၆ ရက် ဆွေးနွေးပွဲကတည်းက ဖြစ်သည်။
ထို့ပြင် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဗဟိုမှပြည်နယ်သို့ အဆင့်ဆင့် အုပ်ချုပ်ရေးအာဏာနှင့် သယံဇာတ ခွဲဝေသုံးစွဲရေးများ ပြုလုပ်နိုင်ရန်ကဏ္ဍများပါသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုဖော် ဆောင်ပေးရန် ဆွေးနွေးမှုအဆင့်ဆင့်တွင် တောင်းဆိုမှုများပြုကာစာချုပ်မူကြမ်းတွင် “စစ်မှန်သောဖက်ဒရယ် စနစ်” ဟု ရေးသားထားသည်ကို တပ်မတော်သား ကိုယ်စားလှယ်များမှ ၂၀၀၈ ဖွဲ့စည်းပုံ၏ စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီခြင်းမရှိသဖြင့် တူညီသည့် စကားလုံးရှာ၍သာ မူကြမ်းတွင် ထည့်သွင်းခွင့်ပြုမည်ဟု ပြောဆိုထားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က “ဖက်ဒရယ်စနစ်ကို ဦးတည်သွားနေတာမို့လို့ ဖက်ဒရယ်စနစ်မဖြစ်လာမှာကို မစိုးရိမ်ကြပါနဲ့”ဟု နှုတ်ကတိပေးပြောဆိုထားသည်။
ဧပြီ ၆ ရက်ဆွေးနွေးပွဲတွင် အပစ်ရပ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးမည့် အခန်း (၇)ခန်းပါ မူကြမ်း(Single Text) ထွက်ရှိခဲ့သည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး (လွှတ်တော်၊ တပ်မတော်၊ ငြိမ်းချမ်းရေးအဖွဲ့တို့မှ) ကိုယ်စားလှယ် ကိုးဦး၊ တိုင်းရင်းသားတို့၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိ နှိုင်းရေးအဖွဲ့(NCCT) မှ ကိုယ်စားလှယ် ကိုးဦးတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။