မန္တလေးတိုင်း ဒေသကြီး စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုး အုပ်စု ကံတောင် ကျေးရွာရှိ ရွှေလုပ်ကွက်တွင် တရားမဝင် ရွှေတူးဖော် နေသည်ဟု ဆိုကာ ရွှေတူး ဖော် သည့် နေရာကို ဇူလိုင် ၃၀ ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်း များက ဝင်ရောက် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ် ရာ ရွှေ တူးဖေါ် နေသော ဒေသခံ ရွှေလုပ်သား ရာဂဏန်းခန့် မြေအောက်တွင် ပိတ်မိ နေသည်ဟု ဒေသခံများက မဇ္ဈိမ ကိုပြောသည်။
"တွင်းထဲမှာ ရွှေလုပ်သား တစ်ရာကျော် လောက် ပိတ်မိ နေတယ်။ အဖမ်းခံရမှာ စိုးလို့ မတက်လာ ရဲကြဘူး။ ဒီနေ့ ကျွန်တော် အပါအဝင် ခြောက်ယောက် လောက်ပဲ တက်လာတာပါ။ အောက်မှာ မခံနိုင် တော့လို့ အရဲစွန့်ပြီး တက်လာတာ။ အောက်မှာ အသက်ရှူလို့ မဝတော့ဘူး" ဟု ကိုအောင်ဇော်က ပြောသည်။
ရွှေကံတောင် ကုမ္ပဏီတွင် ရွှေလုပ်သား ၁၅၀၀ကျော် ရှိပြီး ပိတ်မိသူ တစ်ရာကျော် ရှိကာ ရွှေတွင်း အတွင်းမှ တက်လာသူ သုံးဆယ် နီးပါးသာ ရှိသေးကြောင်း ၎င်းက ဆိုသည်။ ရွှေတွင်းမှ တက်လာသူ များကို ဖမ်းဆီး ထားခြင်း မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ ပိတ်မိသူ များသည် ဖမ်းဆီး ခံရမည်ကို စိုးရိမ် သောကြောင့် တွင်းပေါ်သို့ တက်လာခြင်း မရှိဘဲ တွင်းအတွင်း တွင် ပုန်းခိုနေကြ သည်ဟု ဆိုသည်။ မြေအောက်တွင် ပိတ်မိသူများ ၏ မိသားစုဝင် များအနေဖြင့် စိုးရိမ်မှုများ ဖြစ်နေ ကြကြောင်း တွင်း အတွင်း၌ ပိတ်မိ နေသည်မှာ နှစ်ရက် ရှိနေပြီ ဖြစ်သောကြောင့် အသက် အန္တရာယ်ကို စိုးရိမ်နေရသည် ဟုဆိုသည်။
"ကျွန်မသားက နှစ်ရက် ရှိပြီ တက်မလာ သေးဘူး။ သေသလား ရှင်သလား မသိဘူး။အောက်မှာ လုပ်သားတွေ ရှိနေတာ သိရက်နဲ့ အခုလို စက်ကြီးတွေနဲ့ လိုက်ဖျက်နေတော့ တွင်းပြို နိုင်တယ််"ဟု ဒေသခံ ရွှေလုပ်သား တစ်ဦး၏ မိခင်ဖြစ်သူ မရွှေက ပြောသည်။ မြေအောက် တွင်းတွင် ပိတ်မိနေသော လုပ်သားများကို အရံမီးသတ် တပ်ဖွဲ့ဝင် များက ကူညီ ကယ်ဆယ် နေသည်ဟု ဆိုသည်။ သို့သော် အဖမ်းခံရမည်ကို ကြောက်ကြ သောကြောင့် တက်မလာ ကြောင်း အရံမီးသတ်များက ဆိုသည်။
"ကျွန်တော်တို့ အတတ်နိုင်ဆုံး တက်လာအောင် လုပ်ဆောင် နေတယ်။ ဒါပေမယ့် ကြောက်စိတ်တွေ ရှိတော့ တက်မလာ ကြဘူး။ ရဲတွေကိုယ်တိုင် မဖမ်းဘူး ဆိုတဲ့ အသံကို သူတို့ကလိုချင် နေတယ်။ အောက်မှာ လေလည်း ပြတ်နေပြီ။ မီးလည်း မရတော့ဘူး။ အသက် အန္တရာယ် စိုးရိမ်ရတယ်"ဟု ကံတောင် အရံမီးသတ်မှ တပ်ကြပ်ကြီး မောင်ဦးက ပြောသည်။
တရားမဝင် တူးဖော်နေသည်ဟု ဆိုသော ရွှေကံတောင် ရွှေလုပ်သား ကုမ္ပဏီ ခြံဝင်းသို့ ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ရဲအင်းအား ၁၀၀ ကျော်ဖြင့် သက်သေခံ ဗြုန်းအိတ်များ လာရောက် သယ်ယူရာ တွင်လည်း ကုမ္ပဏီ ဝန်ထမ်း ရွှေလုပ်သားများနှင့် အပြန်အလှန် ရိုက်နှိက်မှုများ ဖြစ်ပွား သောကြောင့် သေနတ် ပစ်ဖေါက်၍ ရွှေလုပ်သား ၂၀ ခန့် ဖမ်းဆီး သွားသည်ဟု ဖမ်းဆီးရာပါတွင် ပါသွားသူ၏ မိသားစုဝင် မဆန်း ကပြောသည်။ ရွှေလုပ်ကွက် ရှင်းလင်း နေမှုများကို သတင်း ဓါတ်ပုံ ရိုက်ခွင့် မပြုကြောင်း လုံခြံုရေး ယူထားသော ရဲတပ်ဖွဲ့ဝင် များက ပြောသည်။
ရှင်းလင်း ဖယ်ရှားနေမှု များနှင့် ရွှေလုပ်သားများ ဖမ်းဆီး နေခြင်းကို ပြင်ဦးလွင် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရဲကျော်သူ သန်းနိုင်ဦး ကို မေးမြန်းရာ ပြန်လည် ဖြေကြားမည်ဟု ပြောသော်လည်း ဖြေကြားမှု မပြုလုပ်ပဲ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာ သွားသည်။
မြေအောက်တွင် ပိတ်မိ နေသူ ရွှေလုပ်သား များနှင့် ပတ်သက်၍ စဉ့်ကူးမြို့နယ် သတ္တုတွင်း ဝန်ကြီးဌာန မှ မြို့နယ် အင်ဂျင်နီယာကို မဇ္ဈိမ က မေးမြန်းရာတွင် သိချင်လျှင် ကိုယ်တိုင် စုံစမ်းဟု ပြန်လည် ဖြေကြားသည်။
တရားမဝင် ရွှေတူးဖေါ်မှုကြောင့် ပိတ်သိမ်း ရှင်းလင်းရေးများ လုပ်ဆောင် နေသည့် ရွှေကံတောင် ရွှေလုပ်သား ကုမ္ပဏီ လုပ်ကွက် မြေအောက် လုပ်ငန်းခွင်၌ ပိတ်မိနေသူ ရွှေလုပ်သား များကို ဖမ်းဆီး အရေးယူမှု မပြုလုပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် မီဒီယာ သမားများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ ထိုသို့ ဖြေကြားထား သော်လည်း ဖမ်းဆီးမှုများ ရှိနေသည်။
ပိတ်ပိနေသူ တစ်ချို့သာ တက်ရောက်လာ သော်လည်း အများစုမှာ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီအထိ တက်ရောက်လာခြင်း မရှိသေး သောကြောင့် မိသားစုဝင် များက စိုးရိမ် နေကြသည်။ တရားမဝင် ရွှေတူးဖေါ်သော ကုမ္ပဏီပိုင်ရှင်ကို သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (ခ)ဖြင့် စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့် ထားပြီး ဖြစ်သည်ဟု အမည်မဖေါ် လိုသူ ရဲအရာရှိ တစ်ဦးက ဆိုသည်။