ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတ၏လျာထားခြင်းခံရသူ ဦးရဲထွဋ်သည် မီဒီယာတို့ကို အလွန်အကျွံအရေးယူခဲ့ သည့် အစိုးရအဖွဲ့၏ ကျွံသွားသော ခြေလှမ်းကို ပြန်ရုပ်သိမ်းနိုင်ရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
“မီဒီယာသမားတွေကို အရေးယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဘက်က ဆောင်ရွက်ချက် အတော်များများ ကို နိုင်ငံရေးသမားတွေက လက်မခံဘူး၊ နိုင်ငံတကာကလည်း လက်မခံဘူး၊ မီဒီယာတွေကလည်း လက်မခံဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအဖွဲ့က ခြေလှမ်းကျွံသွားတယ်၊ အဲဒီခြေလှမ်းကို ဦးရဲထွဋ် ပြန်ရုပ်နိုင်မလား။ သူက သတင်းသမားလည်းဖြစ်ခဲ့တော့ ပြန်ရုပ်ကောင်းရုပ်နိုင်မယ်။ သမ္မတကြီး ယုံကြည်ရတဲ့သူလဲဖြစ်လေတော့ ပြန်ရုပ်ပေးနိုင်မလား၊ ပြန်ရုပ်နိုင်ဖို့လိုတယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်ခဲ့သော ဦးရဲထွဋ်သည် အစိုးရ၏ ၀ါဒဖြန့်ချိရေး ယန္တရားအတွင်း ကျင်လည်ခဲ့ရသူဖြစ်ခြင်း၊ ၀ါဒဖြန့်ချိရေးမှိုင်းမိနေသည့် ပုဂ်္ဂိုလ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ဆန်းပိုင်း၌ဟိုးလေးတ ကျော်ဖြစ်ခဲ့သည့် ဒေါက်တာဆိတ်ဖွား ရှာပုံတော်နှင့်ဆက်စပ်ကာ မေးမြန်းစစ်ဆေးခံခဲ့ရ သူဖြစ်ခြင်းတို့ကြောင့် ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်လောက် ရိုးသားမှုမရှိပါဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။
“ဦးအောင်ကြည်က ရိုးသားမှုအပြည့် ရှိတယ်။ မီဒီယာဥပဒေတွေနဲ့ ပတ်သက်ပြီး အလျှော့အတင်းလုပ်လိုတဲ့ သဘောလဲရှိတယ်။ တာဝန်ယူစိတ်ရှိသူလည်းဖြစ်တယ်။ ဒါကြောင့် သူ့သမိုင်းသူကောင်းအောင်ရေးပြီး ဂုဏ်သိက္ခာရှိရှိနဲ့ နုတ်ထွက်သွားတယ်လို့ ယူဆတယ်”ဟုလည်း ၎င်းက ပြောသည်။
မည်သို့ဆိုစေ ၀န်ကြီးအပြောင်းအလဲများတွင် စီနီယာဝန်ကြီးများဖြစ်ကြသည့် သမ္မတရုံးဝန်ကြီးတို့၏ လွှမ်းမိုးမှု အားကောင်းခြင်းနှင့် ၎င်းတို့၏ သဘောထားများက အဓိကကျပြီး သမ္မတ၏သဘောထားနှင့် ဆုံးဖြတ်ချက်များ နှင့် ထပ်တူနီးပါးကျသည်ဟုလည်း အမတ်တို့က ယူဆကြသည်။
“ဦးအောင်ကြည်ဆိုရင် ဗိုလ်သင်တန်းကျောင်းအုပ်ကြီး တာဝန်ကို တောင်းခံပြီးလုပ်ခဲ့တဲ့သူ၊ မှန်မှန်ကန်ကန် တည်တည်ကြည်ကြည်ရှိသလို စာဖတ်အားလည်း ကောင်းတယ်။ နိုင်ငံတကာလေ့လာမှုလည်း ကောင်းတယ်။ အခုလို သမ္မတအနေနဲ့ အပြောင်းအလဲလုပ်တယ်ဆိုတာက မဖြစ်နိုင်တော့တဲ့ကိစ္စတွေ ရှိလို့သာဖြစ်မှာပါ။ နောက်ပြီး သမ္မတရုံးဝန်ကြီးတွေရဲ့ လွှမ်းမိုးမှုတွေ အားကောင်းနေတယ်လို့ မြင်တယ်။ သူတို့က ကျန်တဲ့ပြည်ထောင်စုဝန်ကြီးတွေကို လွှမ်းမိုးလွန်းတယ်လို့ မြင်တယ်”ဟု လွှတ်တော်အမတ် ဦးလှဆွေက ပြောသည်။
၀န်ကြီးတစ်ဦးသည် ပျော့ပျောင်း(Flexible) ဖြစ်ဖို့လိုပြီး Elastical ဟူသည့် လျှော့ချည်တင်းချည်လုပ်၍ မရခြင်းကို ယခုအပြောင်းအလဲက ပြလိုက်ခြင်းဖြစ်သည်ဟုလည်း ဦးလှဆွေက ပြောသည်။
၀န်ကြီးဦးရဲထွဋ်သည် ဒုတိယဝန်ကြီးဘဝ၌ မီဒီယာများနှင့် ထိတွေ့မှုများခဲ့ပြီး အစိုးရအဖွဲ့သဘောထားများကို ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် အခိုင်အမာရပ်တည်ခဲ့ခြင်းကြောင့် မီဒီယာအတွက် အခွင့်ကောင်းတစ်ခု လည်းဖြစ်နိုင်သည်ဟု လွှတ်တော်အမတ် ဦးရဲထွန်းက ပြောသည်။
“ဦးရဲထွဋ်က ဘာပဲဖြစ်ဖြစ် မီဒီယာတွေနဲ့ဆက်ဆံရာမှာ ပိုပြီး ထိတွေ့ဆက်ဆံဖို့ ၀န်မလေးတဲ့သူပါပဲ”ဟု ၎င်းက ပြောသည်။သို့ရာတွင် လက်ရှိပဋိပက္ခအသွင်ဆောင်နေသည့် အစိုးရအဖွဲ့နှင့် ပုဂ္ဂလိက မီဒီယာများအကြား ကြားဝင်စေ့စပ် ဖြေရှင်းပေးနိုင်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောသည်။
ထို့အပြင် ၎င်းက “ဦးရဲထွဋ်ဟာ ပြန်ကြားရေး ဒုတိယဝန်ကြီးဘဝမှာ လုပ်ပိုင်ခွင့်တွေရှိခဲ့ပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အားမရဘူး၊ ၀န်ကြီးဖြစ်လာတဲ့အခါ အားမရစရာမျိုးတွေ ထပ်ဖြစ်မလာဖို့ လိုပါတယ်”ဟု သုံးသပ် ပြောသည်။
မီဒီယာသမားတို့ လက်ရှိခံစားနေရသည့်အပေါ် ဦးရဲထွဋ်အနေဖြင့် တစ်ဖက်သတ်မကြည့်ဘဲ အစိုးရအဖွဲ့ ဘက်ကရော ပုဂ္ဂလိကဘက်ကိုပါ မျှတစွာ ရှုမြင်တတ်ဖို့လိုကြောင်းနှင့် အစိုးရအဖွဲ့၏ ကျန်ရှိသော တစ်နှစ်ခွဲခန့်သက်တမ်းအတွင်း ပုဂ္ဂလိကမီဒီယာများနှင့် စေ့စပ်ညှိနှိုင်းကာ အဖုအထစ်မရှိ ဆောင်ရွက်စေလိုကြောင်းလည်း အလုံမြို့နယ်အမတ် ဦးခိုင်မောင်ရည်က တိုက်တွန်းပြောကြားသည်။
ဦးရဲထွဋ်ကို လွှတ်တော်အသိုင်းအဝိုင်းက ယခုကဲ့သို့ သုံးသပ်လိုက်သော်လည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးကမူ “ဦးရဲထွဋ် ၀န်ကြီးဖြစ်လာပါက မီဒီယာသမားများ အသင့်ပြင်ထားကြရန်”ဟု ပြောဆိုလိုက်သည်။
“ဦးရဲထွဋ်သာ ၀န်ကြီးဖြစ်သွားရင် အခုအခြေအနေထက်ပိုပြီး ကောင်းမွန်တဲ့ ထူးထူးခြားခြား အခြေအနေ တစ်ခုကို ပြောင်းသွားမယ်လို့ မျှော်လင့်မထားပါဘူး”ဟု ဦးဇော်သက်ထွေးက ဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသည် သြဂုတ် ၁ ရက်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၀န်ကြီးဟောင်း ဦးအောင်ကြည် နုတ်မထွက်ခင်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသော်လည်း ဦးအောင်ကြည် နုတ်ထွက်သွားသည့်အတွက် အဆိုပါဆွေးနွေးမှုမှာ အရာမရောက်တော့ပေ။
အင်န်အိတ်ချ်ကေ(NHK) သတင်းဌာမှ ကိုသီဟသွေးက“အစိုးရသတင်းဌာနတွေနဲ့ ပုဂ္ဂလိကသတင်းဌာနတွေ အကြား အားလုံးကို တန်းတူညီတူ မြင်နိုင်ဖို့တော့ လိုမယ်။ အဲဒီလိုမဟုတ်ရင် အစိုးပိုင်သတင်းဌာနတွေ ဥပမာ စကိုင်းနက်လိုဟာမျိုးတွေက နယ်ချဲ့လာနိုင်တယ်။ အဲဒီဟာတော့ ဆိုးလာနိုင်တယ်။ နောက်တစ်ခုက အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကို လုပ်တဲ့ထဲမှာ သူလဲထဲထဲဝင်ဝင်ပါတဲ့သူ တစ်ယောက်ဆိုတော့ သူသာဝန်ကြီးဖြစ်ရင် ဒါတွေဖြစ်နိုင်တယ်”ဟု ဆိုသည်။
လွှတ်တော်၏ ဆုံးဖြတ်ချက်ကို စောင့်နေသော ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ်က ဗီအိုအေရေဒီယို အင်တာဗျုးတစ်ခုတွင် သူ့အား ယခုကဲ့သို့ ၀န်ကြီးအဖြစ် အဆိုပြုမှုအတွက် ယုံယုံကြည်ကြည် တာဝန်ပေးမှု အတွက် ဂုဏ်ယူကြောင်း ဖြေကြားခဲ့သည်။
“ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါက်တာဖေသက်ခင်တို့က သူတို့အနေနဲ့ အဲ့လို တာဝန်တွေ၊ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ကန့်သတ်ချက်တွေ ရှိနိုင်တယ်လို့ သူတို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဆန္ဒအရ တင်ပြလာတဲ့အတွက်ကြောင့်မို့လို့ သမ္မတကြီးက သူတို့ကို အနားယူခွင့်ပြုလိုက်တာပါ။ အဲ့တော့ သမ္မတကြီးအနေနဲ့က သူတို့နှစ်ယောက်က ကျန်ခဲ့တဲ့ ပြီးခဲ့တဲ့ကာလ တွေအတွင်းမှာ နိုင်ငံနဲ့လူမျိုးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုပါတယ်”ဟု ဦးရဲထွဋ်က ဗီအိုအေ (မြန်မာပိုင်း) အစီအစဉ်ကို ပြောခဲ့သည်။