မွန်ပြည်နယ် အတွင်း လူထု အခြေပြု လှုပ်ရှားနေသည့် လူမှု အဖွဲ့အစည်းများ၏ လှုပ်ရှားမှု များအား ဒေသ အာဏာပိုင်များမှ ပိတ်ပင် တားဆီးမှု အချို့ ရှိနေဆဲ ဖြစ်ကြောင်း မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်း ဖိုရမ်၏ ပြောရေးဆိုခွင့် ရှိသူ မင်းအောင်ထူးက ပြောသည်။
“လူမှု အခြေပြု လူ့အဖွဲ့ အစည်းတွေ အနေနဲ့ သင်တန်း တစ်ခုခု လုပ်တော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ အစည်း အဝေး လုပ်တော့မယ် ဆိုရင် ဖြစ်ဖြစ်၊ လှုပ်ရှားမှု အစီအစဉ် လိုမျိုး လုပ်မယ် ဆိုရင်ပဲ ဖြစ်ဖြစ် ရပ်ကျေး အဆင့်နဲ့ မြို့နယ် အဆင့် အာဏာပိုင် တွေက ခွင့်ပြုချက် မပေးချင် ကြဘူး၊ အများအားဖြင့် ကျေးရွာအဆင့် အာဏာပိုင်တွေ အနေနဲ့ ဒီလိုမျိုး လူမှု အဖွဲ့အစည်းတွေ အားကောင်း လာရင် သူတို့ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကို ယှဉ်ပြိုင် လာမှာမျိုး ဖြစ်လာမှာကို စိုးရိမ် နေတာ ရှိနေတယ်” ဟု မင်းအောင်ထူးက ပြောသည်။
မြို့နယ်နှင့် ရပ်/ကျေး အဆင့် အုပ်ချုပ်ရေး အာဏာပိုင် များမှ ဥပေဒပိုင်း ဆိုင်ရာ သိရှိထားမှု အားနည်း နေခြင်းနှင့် တစ်ဖက် အရပ်ဖက် လူမှု အဖွဲ့အစည်း များမှလည်း ကြောက်ရွှံမှု များနေခြင်း ၊ တရားဝင် မှတ်ပုံ တင်ထားခြင်း မရှိ၍ အာဏာပိုင် များအနေနှင့် ပူးပေါင်း လုပ်ဆောင်ရန် အခက် အခဲ ရှိခြင်း စသည့် အခြေအနေ များလည်း ရှိနေကြောင်း မင်းအောင်ထူးမှ ဆက်ပြောသည်။
အရပ်ဖက် လူမှု အဖွဲ့အစည်း များနှင့် ဒေသန္တရ အစိုးရ တို့အကြား ပူးပေါင်း လုပ်ဆောင် ကြရန် အတွက် ပြည်ထောင်စု အစိုးရမှ မူဝါဒ ချမှတ် ထားမှု ရှိသော်လည်း မြို့နယ်နှင့် ရပ်ကျေး အဆင့် အာဏာပိုင် များအနေဖြင့် သိရှိမှု သဘောပေါက် နားလည်မှု နည်းပါး နေသည့် အခြေ အနေ များကြောင့် နှစ်ဖက် အကြား ပူးပေါင်း လုပ်ဆောင်နိုင်မှု အားနည်း နေသည့် အခြေအနေ များလည်းရှိကြောင်း မွန်ပြည်နယ် လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးမှ ပြောသည်။
“အောက်ခြေ အဆင့် မှာပေါ့နော် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ရှိတဲ့ သူတွေ ပေါ့နော် ဒါကို သိရှိ ထားမှု အားနည်တယ်၊ ရှင်းရှင်း လင်းလင်း မသိဘူး၊ အုပ်ချုပ်ရေးမှူး တွေက အရပ်ဖက် အဖွဲ့ အစည်းတွေ အပေါ်ကို အစိုးရ အသိအမှတ် ပြုထားတဲ့ အဖွဲ့ မဟုတ်ဘူး၊ တရားဝင် မှတ်ပုံတင် ထားတဲ့ အဖွဲ့ မဟုတ်ဘူး ဆိုပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ခွင့်မပြု ပေးချင်တဲ့ သဘောမျိုး ရှိနေတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ များတွင် မွန်ပြည်နယ် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ပြုလုပ် ခဲ့သည့် မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့ အစည်းများ ဖိုရမ်၌လည်း ဤအချက်ကို ဖိုရမ် တက်ရောက် လာသည့် အရပ်ဖက် လူမှု အဖွဲ့အစည်း များက တင်ပြ ဆွေးနွေး ခဲ့ကြသည်။
အရပ်ဘက် လူမှု အဖွဲ့အစည်း များသည် ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီဆောင်ရွက် နေသည့် အဖွဲ့များ ဖြစ်သော်လည်း အချို့ဒေသ၌ အာဏာပိုင် များ၏ စွက်ဖက်မှု၊ သံသယဖြင့် ရှူ့မြင်ဆက်ဆံမှု၊ လုပ်ငန်း များအပေါ် ကန့်သတ် ချုပ်ချယ်မှုများ ရှိနေ၍ အရပ်ဖက် လူမှု အဖွဲ့အစည်း များ၏ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်ခွင့် အဟန့်အတား ဖြစ်နေ ရကြောင်းလည်း ဖိုရမ် အပြီး၌ ထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ထည့်သွင်း ရေးသား ထားသည်။
၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်တာ ကျင်းပခဲ့သည့် မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်းများ ဖိုရမ်သို့ မွန်ပြည်နယ် တဝှမ်းမှ လူမှုအဖွဲ့ အစည်းပေါင်း (၂၀၃) ဖွဲ့မှ ကိုယ်စား လှယ်ပေါင်း (၂၈၇) ဦး တက်ရောက် ဆွေးနွေး ခဲ့ကြကာ ပြည်နယ် အစိုးရ ဝန်ကြီးများ အပါအဝင် ပြည်နယ် လွှတ်တော် အမတ် များလည်း တက်ရောက် ခဲ့ကြကြောင်း ဖိုရမ် ကျင်းပရေး စီစဉ်သူ တစ်ဦး ဖြစ်သည့် ဦးမင်မင်းနွယ်မှ ဆိုသည်။
“မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်းများ ဖိုရမ်” အား ကုလသဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ ဘဏ္ဍာရေး ထောက်ပံ့ ပေးမှုဖြင့် မွန်ပြည်နယ် အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကာ ကျင်းပ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။