ပင်လယ်ထဲမျောပါလာသော သိန်းနှင့်ချီတန်ဖိုးရှိ ဒိုင်ယာစီဖန်ဆေးများ စစ်တွေတွင် သိမ်းဆည်းရမိ

ပင်လယ်ထဲမျောပါလာသော သိန်းနှင့်ချီတန်ဖိုးရှိ ဒိုင်ယာစီဖန်ဆေးများ စစ်တွေတွင် သိမ်းဆည်းရမိ
by -
နိရဥ္စရာ

ပင်လယ်ထဲမှာ မျောပါနေသော ဒိုင်ယာစီဖန်အမျိုးအစား ဆေးဝါး ကျပ်သိန်း (၃၀၀) ဖိုးခန့်ကို စစ်တွေရဲက ဇူလိူင်လ ၂၉ရက်နေ့တွင် သိမ်းဆည်းရမိသည်။

“ ဖမ်းမိတာ မဟုတ်ပါဘူး။ သိမ်းဆည်းရမိတာပါ။ စစ်တွေဟိုတည် တောင်ဘက် ပင်လယ်ထဲမှာ မျောပါနေရာက သိမ်းဆည်းမိတာပါ။ ကျနော်တို့ဆီကို စာရင်း မရောက်သေးတဲ့ အတွက် အသေးစိတ် မသိရသေးဘူး။ များတော့များတယ်။ ဒါပေမယ့် သိပ်မများပါဘူး” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး တစ်ဦးက ပြောသည်။

ဆက်လက်ပြီး စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက သိမ်းဆည်းရမိသော ဆေးဝါးအရေအတွက်ကို ယခုလို ပြောသည်။

“အခု ဖမ်းဆီးရမိတဲ့ ဆေးတွေကတော့ ဒိုင်ယာစီဖန် ဆေးအမျိုးအစားတွေ ဖြစ်ပြီး ထိုးဆေး Injection ပုလင်းပေါင်း ၃၄၄၅၀ နဲ့ ဆေးပြားပေါင်း၂၅၈၀၀ တို့ကို စစ်တွေဟိုတယ် တောင်ဘက် ပင်လယ်ထဲမှာ မျောပါနေရာကနေ သိမ်းဆည်းရမိခဲ့ပါတယ်။ ကာလပေါက်စျေးက ကျပ် (၂၈၈) သိန်း ဖိုးခန့်ရှိပါတယ်” ဟု သူကဆိုသည်။

ဆေးဝါးများတွင် ဘင်္ဂလာဒေချ့်နိုင်ငံ အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံက တဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို သွင်းယူလာသော ဆေးဝါးများ ဖြစ်နို်င်ကြောင်း သူက ဆက်ပြောသည်။

“ ကျွန်တော်တို့က ဆက်လက် စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး ပင်လယ်ထဲ မျောပါနေတာလဲ။ မှောင်ခိုစက်လှေနစ်လို့လား၊ မဟုတ်ရင် ပင်လယ််ထဲ ပစ်ချခဲ့တာလား။ ဒါတွေကို စိစစ်နေတုန်း ဖြစ်ပါတယ်” ဟု ရဲအရာရှိက ဆက်လက် ပြောဆိုသည်။

ယခုကဲ့သို့ ပင်လယ်ထဲတွင် မျောပါနေသော ဆေးဝါးများကို စစ်တွေတွင် သိမ်းဆည်းရရှိမူမှာ ယခင်က မရှိသလောက် နည်းပါးသည်ဟု သိရသည်။

Most read this week