ပေါက်တောမြို့နယ်ခန်းမ ကျပ်သိန်းပေါင်း(၂၆၀၀)ကျော် အကုန်ကျခံတည်ဆောက်မည်

ပေါက်တောမြို့နယ်ခန်းမ ကျပ်သိန်းပေါင်း(၂၆၀၀)ကျော် အကုန်ကျခံတည်ဆောက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ခန်းမကို ကျပ်သိန်းပေါင်း (၂၆၀၀) အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။

၎င်းမြို့နယ်ခန်းမမှာ အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေရှိမည် ဖြစ်ပြီး  ရခိုင်ပြည်နယ် အစိုးရ ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၆၀၀) ဖြင့် တည်ဆောက်သွားမည်ဟု ပေါက်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

” ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ် အစိုးရ ဘတ်ဂျက်ငွေက ခွင့်ပြုထားတာ ဖြစ်ပါတယ်။  တည်ဆောက်ရန်အတွက် ခွင့်ပြုထားပီးပါပြီ။ တည်ဆောက်မယ့်နေရာကို အခု မြို့မိ မြိုဖတွေနဲ့ တိုင်ပင်ပြီးတော့ ရှာနေတယ် ” ဟု သူက ဆိုသည်။

ပေါက်တောမြို့နယ် ခန်းမအား ပေါက်တော-မင်းပြား ကားလမ်းအနီးတွင် တည်ဆောက်ရန် စီစဉ်နေပြီး လိုအပ်မည့် မြေနေရာများကို လယ်သမားများထံမှ ဝယ်ယူရန်အတွက် အဖွဲ့ဝင် (၈) ဦးပါဝင်သော ကော်မီတီ တစ်ရပ်ကို ဇူလိူင်လ (၂၇) ရက်နေ့က  ဖွဲ့စည်းတာဝန်ပေးခဲ့သည်ဟု သိရသည်။

ယခု ခွင့်ပြုငွေ ကျပ်သိန်း (၂၆၀၀)မှာ အဆောက်အဦး တည်ဆောက်ရန်အတွက်သာ ဖြစ်ပြီး မြေနေရာ ဝယ်ယူရန်အတွက် မပါ၀င်သေးကြောင်း၊ သို့အတွက် ထပ်မံပြီး လိုအပ်မည့် ငွေပမာဏကို ပြည်နယ် လွှတ်တော်၌ ဆက်လက် တင်ပြတောင်းခံသွားမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။

“ပေါက်တာ-မင်းပြားကားလမ်း ဘေးမှာ မြို့တော်ခန်းမ ဆောက်မယ်ဆိုပြီး ကော်မတီတစ်ရပ် ဖွဲ့ပြီး မြေရှာခိုင်းထားတယ်။ ခုက ခွင့်ပြုငွေက အဆောက်အဦးအတွက် ပေးတာ၊ မြေနေရာအတွက် မပါသေးဘူး။ ဒါကြောင့် ဒဿမအကြိမ် ပြည်နယ်လွှတ်တော်မှာ ဆက်လက် တင်ပြရဦးမယ် ” ဟု သူက ပြောသည်။

မူလက မြို့တော်ခန်းမအား လောကထိပ်ပန်ဘုရားကြီးရှေ့မြေကွက်လပ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့ကြသော်လည်း ထိုနေရာမှာ ပေါက်တောမြို့၏ ဘုရားပွဲများ ကျင်းပသည့်နေရာဖြစ်၍ မြို့သူမြို့သားများက ကန့်ကွက်သည့်အတွက် ပေါက်တော- မင်းပြားကားလမ်းအနီးတွင် တည်ဆောက်ရန် မြေနေရာကို ရွှေ့ပြောင်း လျှာထားရခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week